Facebook ရဲ့ မိခင်ကုမ္ပဏီ Meta ဟာ OpenAI နဲ့ Google တို့ရဲ့ ကြီးစိုးမှုကို အဆုံးသတ်ဖို့အတွက် သူတို့ရဲ့ ပထမဆုံးသော “စူပါအသိဉာဏ်” (Superintelligence) မော်ဒယ် Muse Spark ကို မိတ်ဆက်လိုက်ပါတယ်။ ဒီ AI အသစ်ဟာ အရင်က Llama မော်ဒယ်တွေလို လူတိုင်းသုံးနိုင်တဲ့ Open-source မဟုတ်တော့ဘဲ Meta ရဲ့ ကိုယ်ပိုင်ဂေဟစနစ်ထဲမှာပဲ သီးသန့်စွမ်းဆောင်ရည်ပြမယ့် လက်နက်သစ်တစ်ခုပါ။ လက်ရှိမှာ Meta AI ဝက်ဘ်ဆိုက်မှာ စတင်အသုံးပြုနိုင်ပြီဖြစ်ပြီး မကြာခင်မှာ WhatsApp၊ Instagram နဲ့ AI မျက်မှန်တွေဆီ ရောက်ရှိလာတော့မှာ ဖြစ်ပါတယ်။

Muse Spark ရဲ့ အထူးခြားဆုံး စွမ်းဆောင်ရည်ကတော့ အသုံးပြုသူရဲ့ လိုအပ်ချက်အရ အပြောင်းအလဲလုပ်နိုင်တဲ့ အဆင့် ၃ ဆင့်ပါဝင်တာပါ။ နေ့စဉ်မေးခွန်းတွေအတွက် အလွန်မြန်ဆန်တဲ့ “Instant Mode”၊ ခိုင်မာတဲ့ ယုတ္တိဗေဒသုံးရမယ့် “Thinking Mode” နဲ့ အဆင့်မြင့်သိပ္ပံ သို့မဟုတ် သင်္ချာတွက်ချက်မှုတွေအတွက် အေးအေးဆေးဆေး စဉ်းစားတွက်ချက်ပေးတဲ့ “Contemplating Mode” တို့ပဲ ဖြစ်ပါတယ်။ ဒါ့အပြင် သူဟာ ဓာတ်ပုံတစ်ပုံကို ကြည့်ရုံနဲ့ အစားအစာထဲမှာပါတဲ့ ကယ်လိုရီကို တွက်ချက်ပေးနိုင်သလို၊ အိမ်တွင်းပစ္စည်းတွေ ပျက်စီးရင်လည်း ဓာတ်ပုံရိုက်ပြရုံနဲ့ ပြုပြင်နည်းလမ်းညွှန်တွေကို ဖန်တီးပေးနိုင်တဲ့အထိ ပါးနပ်ပါတယ်။

Meta ဟာ ဒီပရောဂျက်အတွက် AI နယ်ပယ်က ထိပ်တန်းပညာရှင် Alexandr Wang ကို ဦးစီးစေခဲ့တာပါ။ Muse Spark ဟာ ရိုးရိုး Chatbot တစ်ခုထက်မကဘဲ အဝတ်အစား ရွေးချယ်ပေးတာကနေ အဆင့်မြင့်ကျန်းမာရေး အကြံပေးမှုတွေအထိ လုပ်ဆောင်ပေးနိုင်မှာ ဖြစ်ပါတယ်။ ဒါဟာ Meta အနေနဲ့ သူတို့ရဲ့ အက်ပလီကေးရှင်းတွေမှာ AI ကို အသားကျအောင် ပေါင်းစပ်ပြီး အသုံးပြုသူတွေရဲ့ နေထိုင်မှုဘဝကို ဒစ်ဂျစ်တယ်နည်းပညာနဲ့ အနီးကပ်ဆုံး ထိန်းချုပ်သွားမယ့် မဟာဗျူဟာသစ်ပဲ ဖြစ်ပါတယ်။
Ref : Bangkokpost