ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် အီလွန်မတ်စ်နဲ့ ChatGPT ရဲ့ မိခင်ကုမ္ပဏီ OpenAI တို့အကြား ဆီလီကွန်ဗယ်လီတစ်ခုလုံး စောင့်ကြည့်နေရတဲ့ အကြီးကျယ်ဆုံး ရုံးတော်တွင်းတိုက်ပွဲကြီးမှာ OpenAI ဘက်က အပြတ်အသတ် အနိုင်ရသွားခဲ့ပြီဖြစ်ပါတယ်။ အမေရိကန် ဖက်ဒရယ်ဂျူရီအဖွဲ့က အီလွန်မတ်စ်အနေနဲ့ OpenAI ကို တရားစွဲဖို့ အချိန်တွေ အများကြီးဆိုင်းခဲ့တယ်လို့ တနင်္လာနေ့မှာ ဆုံးဖြတ်ချက်ချလိုက်တာပါ။ အီလွန်မတ်စ်က OpenAI ဟာ လူသားမျိုးနွယ်အတွက် အကျိုးပြုမယ့် အကျိုးအမြတ်မယူတဲ့ မူလရည်ရွယ်ချက်ကို သစ္စာဖောက်ပြီး စီးပွားရေးဆန်ဆန် အမြတ်အစွန်းဦးစားပေးလုပ်ငန်းအဖြစ် ပြောင်းလဲခဲ့တယ်လို့ စွပ်စွဲခဲ့ပေမယ့် ဂျူရီအဖွဲ့ကတော့ သူ့ရဲ့တရားစွဲဆိုမှုဟာ သတ်မှတ်ထားတဲ့ သက်တမ်းကုန်ဆုံးရက် ကျော်လွန်နေပြီလို့ ပယ်ချခဲ့ပြီး တရားသူကြီးကလည်း အဲဒီဆုံးဖြတ်ချက်ကိုပဲ အတည်ပြုပေးခဲ့ပါတယ်။

ဒီတရားရုံးဆုံးဖြတ်ချက်ကြောင့် OpenAI ဟာ ကုမ္ပဏီတစ်ခုလုံး ပြိုလဲသွားနိုင်လောက်တဲ့ အန္တရာယ်ကြီးကနေ သီသီလေးလွတ်မြောက်သွားခဲ့ရပါတယ်။ အကယ်၍ အခုအမှုမှာ အီလွန်မတ်စ်သာ အနိုင်ရခဲ့ရင် OpenAI ဟာ အကျိုးအမြတ်မယူတဲ့ ပုံစံဟောင်းအတိုင်း ပြန်ပြောင်းလဲဖို့ ဖိအားပေးခံရမှာဖြစ်ပြီး အဲဒီလိုဖြစ်ခဲ့ရင် ကုမ္ပဏီရဲ့ စတော့ရှယ်ယာတွေကို အများပြည်သူဆီ ရောင်းချဖို့ (IPO) ပြင်ဆင်နေတဲ့ အစီအစဉ်ကြီးတစ်ခုလုံး ပျက်ပြားသွားမယ့်အပြင် မိုက်ခရိုဆော့ဖ်၊ အမေဇုန်နဲ့ ဆော့ဖ်ဘန့်ခ်တို့လို ဒေါ်လာဘီလီယံပေါင်းများစွာ စိုက်ထုတ်ထားတဲ့ အဓိကရင်းနှီးမြှုပ်နှံသူတွေနဲ့ပါ လမ်းခွဲရမယ့် အခြေအနေမျိုးဖြစ်ပါတယ်။ OpenAI ရဲ့ ရှေ့နေကတော့ အီလွန်မတ်စ်ရဲ့ ဒီတရားစွဲဆိုမှုဟာ ပြိုင်ဘက်ကို ဖျက်လိုဖျက်ဆီးလုပ်ဖို့ ကြိုးစားတဲ့ အရေခြုံလုပ်ရပ်သက်သက်သာ ဖြစ်တယ်လို့ တရားရုံးအပြင်ဘက်မှာ ပြင်းပြင်းထန်ထန် ဝေဖန်သွားခဲ့ပါတယ်။

သုံးပတ်ကြာအောင် အကြိတ်အနယ် စစ်ဆေးခဲ့တဲ့ အဲဒီတရားခွင်ဟာ နည်းပညာလောကက ထိပ်သီးပုဂ္ဂိုလ်တွေ တစ်ယောက်ပြီးတစ်ယောက် သက်သေအဖြစ် တက်ရောက်ထွက်ဆိုခဲ့ကြရလို့ တကယ့်ကို ဇာတ်လမ်းတွဲတစ်ခုလို စိတ်ဝင်စားဖို့ကောင်းခဲ့ပါတယ်။ တရားခွင်အတွင်းမှာ OpenAI စီအီးအို ဆမ်အာ့တ်မန်းရဲ့ လုပ်ငန်းခွင်အတွင်း လှည့်ကွက်တွေအပြင် အီလွန်မတ်စ်ရဲ့ မရေရာတဲ့ စွပ်စွဲချက်တွေကိုပါ အပြန်အလှန် ဖွေရှာချေပခဲ့ကြတာပါ။ လက်ရှိမှာတော့ အီလွန်မတ်စ်ရဲ့ ကိုယ်ပိုင် xAI ကုမ္ပဏီဟာ OpenAI ကို ယှဉ်ပြိုင်ဖို့ ရုန်းကန်နေရဆဲဖြစ်ပြီး အခုလို တရားရုံးက အနိုင်ပေးလိုက်တဲ့အတွက် OpenAI အနေနဲ့ အနာဂတ်လုပ်ငန်းစဉ်တွေအတွက် အဟန့်အတားမရှိ လမ်းပွင့်သွားခဲ့ပြီလို့ စီးပွားရေးလေ့လာဆန်းစစ်သူတွေက သုံးသပ်ထားကြပါတယ်။
Ref : Bangkokpost