Nvidia ရဲ့ CEO Jensen Huang က တရုတ်နိုင်ငံ DeepSeek ကုမ္ပဏီကနေ မကြာခင် ထွက်ရှိလာမယ့် AI မော်ဒယ်သစ် (DeepSeek V4) ဟာ Huawei ချစ်ပ်ပြားတွေနဲ့ပဲ အပြည့်အဝ လည်ပတ်သွားမယ်ဆိုရင် အမေရိကန်အတွက် အလွန်ဆိုးရွားတဲ့ ရလဒ် ဖြစ်လာနိုင်တယ်လို့ သတိပေးလိုက်ပါတယ်။ အဓိက စိုးရိမ်ရတဲ့အချက်ကတော့ ကမ္ဘာ့ AI စနစ်တွေဟာ အမေရိကန်ရဲ့ နည်းပညာတွေအပေါ် မှီခိုနေရတဲ့အခြေအနေကနေ တရုတ်နည်းပညာဘက်ကို စတင်ကူးပြောင်းသွားနိုင်ပြီး အမေရိကန်ရဲ့ ဦးဆောင်မှုကို အားနည်းသွားစေနိုင်တာပဲ ဖြစ်ပါတယ်။

Nvidia CEO says his AI chips are improving faster than Moore's Law |  TechCrunch

ဒီလနှောင်းပိုင်းမှာ ထွက်လာမယ့် DeepSeek V4 မော်ဒယ်ဟာ အရင်ကလို Nvidia ရဲ့ ချစ်ပ်ပြားတွေကို အသုံးမပြုတော့ဘဲ Huawei ရဲ့ Ascend ချစ်ပ်ပြားတွေနဲ့ပဲ အဓိက လည်ပတ်ဖို့ ပြင်ဆင်နေပါတယ်။ ဒါဟာ အမေရိကန်ရဲ့ နည်းပညာဂေဟစနစ်ကနေ ပထမဆုံးအကြိမ်အဖြစ် အကြီးအကျယ် ခွဲထွက်လိုက်တာလည်း ဖြစ်ပါတယ်။ Huawei ရဲ့ ချစ်ပ်ပြားတွေဟာ စွမ်းဆောင်ရည်ပိုင်းမှာ အမေရိကန်ထုတ်တွေထက် အနည်းငယ် နောက်ကျနေသေးပေမဲ့ တရုတ်နိုင်ငံဟာ ချစ်ပ်ပြားအမြောက်အမြားကို ပေါင်းစပ်အသုံးပြုခြင်းနဲ့ ဆော့ဖ်ဝဲလ်ပိုင်းမှာ ပိုမိုထိရောက်အောင် ဖန်တီးခြင်း (Efficiency) စတဲ့ နည်းလမ်းသစ်တွေနဲ့ ဒီအားနည်းချက်ကို ကျော်ဖြတ်ဖို့ ကြိုးစားနေပါတယ်။

အခုအခါမှာ AI နည်းပညာတိုက်ပွဲဟာ ဟာ့ဒ်ဝဲစွမ်းဆောင်ရည် တစ်ခုတည်းတင်မဟုတ်တော့ဘဲ ဆော့ဖ်ဝဲလ်ပိုင်း ထိရောက်မှုနဲ့ နည်းပညာဂေဟစနစ်ကို ဘယ်သူက ထိန်းချုပ်နိုင်မလဲဆိုတဲ့ အချက်အပေါ် မူတည်လာနေပါတယ်။ တရုတ်နိုင်ငံမှာ အင်အားတောင့်တင်းတဲ့ AI ပညာရှင်တွေနဲ့ ဈေးသက်သာတဲ့ လျှပ်စစ်စွမ်းအင်တွေရှိနေတာကလည်း သူတို့အတွက် အားသာချက် ဖြစ်နေပါတယ်။ တကယ်လို့ DeepSeek က Huawei ချစ်ပ်ပြားတွေနဲ့ အောင်မြင်သွားမယ်ဆိုရင် ဒါဟာ ကမ္ဘာ့ AI လောကအတွက် အလှည့်အပြောင်းတစ်ခု ဖြစ်လာနိုင်ပြီး နောက်နှစ်တွေမှာ ဘယ်သူက ဦးဆောင်သူဖြစ်လာမလဲဆိုတာကိုပါ ပြောင်းလဲပစ်နိုင်ပါတယ်။

Ref : Gizmochina