ကမ္ဘာ့ အကြီးမားဆုံး နည်းပညာပြပွဲ တစ်ခု ဖြစ်တဲ့ Consumer Electronics Show (CES ) 2025 ကို ကျင်းပနေပြီ ဖြစ်ပြီး တစ်ကမ္ဘာလုံးမှ ကုမ္ပဏီတွေက နောက်ဆုံးပေါ် နည်းပညာတွေကို အပြိုင်အဆိုင်ပြသနေကြပါတယ်။
အဲဒီပွဲမှာ ရိုမေးနီးယား ကုမ္ပဏီ Lumen က မျက်မမြင်တွေနဲ့ အမြင်အာရုံ အားနည်းသူတွေကို လမ်းလျှောက်စေနိုင်တဲ့ AI မျက်မှန်ကို ပြသလိုက်ပါတယ်။ အဲဒီမျက်မှန်မှာ ကားတွေမှာ ပါတဲ့ မောင်းသူမဲ့ နည်းပညာ ထည့်သွင်းထားပါတယ်။
Lumen ကို ၂၀၂၀ ခုနှစ်က တည်ထောင်ခဲ့တာ ဖြစ်ပြီး ကုမ္ပဏီဟာ ကိုယ်အင်္ဂါ အစိတ်အပိုင်း ချွတ်ယွင်းသူတွေကို အကူအညီပေးနိုင်တဲ့ ကိရိယာတွေကို အဓိက တီထွင်နေပါတယ်။
AI မျက်မှန်ဟာ ပတ်ဝန်းကျင်မှ အရာတွေကို 3D Mapping ပြုလုပ်ပေးနိုင်ပြီး ဝတ်ဆင်သူကို လမ်းညွှန်ပေးတာ ဖြစ်ပါတယ်။ လှေခါးနဲ့ လူကူးလမ်းတွေလို အတားအဆီးတွေကို ဖြတ်သန်းသွားလာနိုင်ဖို့ အသံနဲ့လည်း လမ်းညွှန်ပေးနိုင်ပါတယ်။
အဲဒီ AI မျက်မှန်ကို တစ်ကမ္ဘာလုံးမှ မျက်မမြင် ၃၀၀ ကျော်နဲ့ စမ်းသပ်ပြီးပြီ ဖြစ်ပြီး ကောင်းမွန်တဲ့ မှတ်ချက်တွေကို ရရှိထားပါတယ်။ Lumen က AI မျက်မှန်ကို ၂၀၂၄ ခုနှစ်မှာ ရောင်းချဖို့ စီစဉ်ထားပြီး ၂၀၂၅ ခုနှစ်မှာ အမေရိကန်မှာ တိုးချဲ့ရောင်းချမှာ ဖြစ်ပါတယ်။
Ref : Tech Explorers