Samsung Electronics က ကိုရီးယားရဲ့ စက်ရုပ် ကုမ္ပဏီ ဖြစ်တဲ့ Rainbow Robotics ရဲ့ အကြီးမားဆုံး ရှယ်ယာ ပိုင်ရှင်ဖြစ်လာတယ်လို့ ကြေညာလိုက်ပါတယ်။ Samsung ဟာ အဲဒီ ကုမ္ပဏီမှာ ရှယ်ယာ ၁၄.၇ ရာခိုင်နှုန်း ပိုင်ဆိုင်ထားရာကနေ ၃၅ ရာခိုင်နှုန်း အထိ တိုးမြှင့်လိုက်ပါတယ်။
Samsung ဟာ ကုမ္ပဏီရဲ့ AI နဲ့ Software နည်းပညာကို Rainbow Robotics ရဲ့ စက်ရုပ် နည်းပညာနဲ့ ပေါင်းစပ်ကာ လူတွေနဲ့ သဘာဝကျစွာ စကားပြောနိုင်တဲ့၊ မညီညာတဲ့ လမ်းတွေမှာ သွားလာနိုင်တဲ့ အဆင့်မြင့် လူတူစက်ရုပ်တွေကို တီထွင်မှာ ဖြစ်ပါတယ်။
အဲဒီ စက်ရုပ်တွေကို Samsung ရဲ့ စက်ရုံတွေမှာလည်း အသုံးပြုမှာ ဖြစ်ပြီး လူသား ဝန်ထမ်းတွေနဲ့ ပူးပေါင်းကာ ကုန်ထုတ်လုပ်မှု တိုးတက်မြင့်မားအောင် လုပ်ဆောင်မှာ ဖြစ်ပါတယ်။
Rainbow Robotics ကို ၂၀၁၁ ခုနှစ်မှာ Korea Advanced Institute of Science and Technology မှ သုတေသန ပညာရှင်တွေက တည်ထောင်ခဲ့တာ ဖြစ်ပြီး လူတူစက်ရုပ် နည်းပညာကို အထူးပြု တီထွင်နေပါတယ်။ ကုမ္ပဏီဟာ ၂၀၀၅ ခုနှစ်မှာ ကိုရီးယားရဲ့ ပထမဆုံး ခြေထောက် ၂ ချောင်းပါတဲ့ လမ်းလျှောက်စက်ရုပ် ဖြစ်တဲ့ Hubo ကို တီထွင်ထားပါတယ်။
Samsung ဟာ လူတူစက်ရုပ် တီထွင်နေတဲ့ Tesla ၊ OpenAI အပါအဝင် တခြား ကုမ္ပဏီတွေကို ယှဉ်ပြိုင်ဖို့ ရည်ရွယ်ထားပုံရပါတယ်။