စမတ်နာရီ စမတ်မျက်မှန် စမတ်လက်ကောက်တို့ ခေတ်စားပြီးချိန်မှာ အခု စမတ်ဆွဲကြိုး အသစ်လာပါပြီ။

ဒီစမတ်ဆွဲကြိုးကို တရုတ်နိုင်ငံ ဘက်ဖလိုတက္ကသိုလ်မှ ကွန်ပျူတာသိပ္ပံပညာရှင် ဝမ်ယန်ရှုက တီထွင်လိုက်တာပဲဖြစ်ပါတယ်။

ဒီဆွဲကြိုးရဲ့ အဓိက လုပ်ဆောင်ချက်ကတော့ သင်ဘာစားနေတယ်ဆိုတာကို ဖော်ပြပေးမယ့် အပြင် အစာချေနှုန်းကိုပါ တွက်ချက်ပေးပါလိမ့်မယ်။ ဒါကြောင့် အလွန်အကျွံမစားမိဘဲ ထိန်းသိမ်းနိုင်ဖို့အတွက် ဒီဆွဲကြိုးက ကူညီပေးမှာပါ။

အခုတလော မိန်းကလေးတွေရဲ့ ဖက်ရှင်ဖြစ်တဲ့ Choker လို့ခေါ်တဲ့ လည်ဆွဲနဲ့ ဆင်တူပြီး အထဲမှာတော့ ဇစ်ခေါင်းအရွယ်ပဲရှိတဲ့ မိုက်ခရိုဖုန်းအသေးစားလေး ပါဝင်ပါတယ်။ အဲ့ဒီမိုက်ခရိုဖုန်းလေးက သင်စားသမျှ ဝါးသမျှအပြင် မျိုချသမျှကိုပါ မှတ်တမ်းတင်ပေးထားမှာ ဖြစ်ပါတယ်။

မှတ်တမ်းတင်ထားတဲ့ Data တွေကိုတော့ AutoDietary လို့ခေါ်တဲ့ App ထဲကို Bluetooth ကနေတဆင့် ပို့ပေးမှာဖြစ်ပါတယ်။ ဒီထဲမှာတော့ သင်စားနေတုန်းမှာ ထွက်တဲ့ အသံမှန်သမျှကိုပါ သိမ်းထားပေးမှာပါ။ သင်စားတဲ့ပမာဏ ပိုသွားရင်တော့ စမတ်ဆွဲကြိုးက အလိုအလျောက် ကျပ်လာပြီး လည်ပင်းညှစ်ပေးသွားမှာ ဖြစ်ပါတယ်။

2017 မေလက စတင်ပြီး တီထွင်စမ်းသပ်နေတာကြောင့် တချို့သော အစားအစာတွေအတွက် ကယ်လိုရီ တွက်နေတုန်းပဲ ဖြစ်ပါတယ်။ 2018 အစောပိုင်းလောက်မှာတော့ စတင်ရောင်းချမယ်လို့ ကြေညာထားပါတယ်။