စက်ဘီးအကြာကြီး စီးလာရင် ပျင်းလာတာကြောင့် တခါတလေ သီချင်းနားထောင်ချင်စိတ်ပေါ်မိမှာပါ။
ဒါပေမယ့် လမ်းပေါ်မှာ တခြားယာဉ်အန္တရာယ်တွေလည်းရှိတာကြောင့် သီချင်းနားထောင်ရင်း စက်ဘီးစီးလို့တော့ မရပါဘူး။
ဒါပေမယ့် Coros Linx Smart Cycling Helmet ဦးထုပ်ကတော့ ဒီအခက်အခဲတွေ ဖြေရှင်းပေးသွားပါတယ်။

Coros Linx ဦးထုပ်မှာ တေးသီချင်းတွေ၊ စကားသံတွေစတာတွေကို အရိုးကနေ အကြားအာရုံကို စီးဆင်းသွားနိုင်တဲ့ စနစ်ပါဝင်ပါတယ်။ ဦးထုပ်ကနေ တုန်ခါမှုနဲ့ ထုတ်လုပ်လိုက်တဲ့အသံတွေက ဦးခေါင်းရိုးကနေ တစ်ဆင့် ကိုယ့်အကြားအာရုံထဲမှာတော့ အသံတွေအဖြစ်ပြန်ဝင်လာမှာပါ။

ဒီလိုစနစ်က ပြင်ပအသံတွေကိုလည်း ကြားနိုင်အောင် လုပ်ထားပါတယ်။ ဒါကြောင့် ပြင်ပအသံတွေရော ကိုယ့်အသံတွေ ရော ကြားနိုင်တာကြောင့် ယာဉ်အန္တရာယ်ကိုလည်း ကာကွယ်ပြီးသားဖြစ်သွားပါတယ်။

သီချင်းသံ အတိုးအကျယ်၊ ကျော်တာတွေကို လုပ်နိုင်ဖို့ စက်ဘီး လက်ကိုင်မှာလည်း တပ်ဆင်ထားပါတယ်။

အဲ့ဒီဦးထုပ်ကနေ ကိုယ့် စမတ်ဖုန်းနဲ့ ချိတ်ပြီး သီချင်းနားထောင်နိုင်ရုံသာမကဘဲ ဖုန်းလာရင်လည်း ဖုန်းပြောလို့ရအောင် မိုက်ခရိုဖုန်းလည်းပါဝင်ပါတယ်။

အဲ့ဒီအပြင် ကိုယ်လမ်းမသိရင်လည်း ဖုန်းကနေ အသံထွက်တဲ့ GPS ဖွင့်ထားရင်လည်း အဲ့အသံကို ဦးထုပ်ကနေတစ်ဆင့်ကိုယ့်ဆီကို ရောက်အောင်ပို့ပေးနိုင်ပါတယ်။

ယာဉ်တိုက်မှုဖြစ်ရင်လည်း အရေးပေါ် စာတိုပို့တဲ့စနစ်လည်း ဦးထုပ်ရဲ့ အနောက်ဘက်မှာပါဝင်ပါတယ်။

ဒါပေမယ့် Coros Linx ဦးထုပ်ကလည်း ဘက်ထရီ သွင်းဖို့ လိုအပ်ပါတယ်။ ဒါပေမယ့် တစ်ခါဘက်ထရီသွင်းထားရင် ၁၀ နာရီလောက်အသုံးခံပါတယ်။

ကားတွေကျပ်နေတဲ့အချိန်မှာ စက်ဘီးနဲ့ ရုံးသွားရုံးပြန်လုပ်သူတွေအတွက်တော့ အဆင်ပြေမယ့် စက်ဘီးဦးထုပ်လေးဖြစ်ပါတယ်။ ဈေးနှုန်းက အမေရိကန်ဒေါ်လာ ၂၀၀ ဖြစ်ပေမယ့် သူ့စွမ်းဆောင်ရည်တွေနဲ့ယှဉ်ရင်လည်း များတယ်လို့ မဆိုလောက်ပါဘူး။