ပြီးခဲ့တဲ့ ဇွန်လ နောက်ဆုံးရက်တုန်းက အိန္ဒိယအစိုးရဟာ တရုတ်မိုလ်ဘိုင်း App ၅၉ ခုကို နိုင်ငံတွင်းမှာ သုံးစွဲခွင့် ပိတ်ပင်ခဲ့ပါတယ်။ ဒီထဲမှာ TikTok လည်း ပါဝင်ပါတယ်။ ဇူလိုင်လ ဒုတိယပတ်ရောက်တော့ အမေရိကန်ရဲ့ Secretary of State Mike Pompeo က အမေရိကန်မှာ TikTok ကို Ban ဖို့ ပြောလာခဲ့ပါတယ်။

TikTok ကို ပိုင်ဆိုင်တဲ့ ByteDance က တရုတ်ကုမ္ပဏီဖြစ်နေတာရယ်၊ ဒီ ဖျော်ဖြေရေး App ဟာ အချက်အလက်တွေကို စုဆောင်းတာရယ်က အခုလိုမျိုး Ban ခံရဖို့ အကောင်းဆုံး အကြောင်းပြချက်လို ဖြစ်နေပါတယ်။ TikTok ဘက်ကလည်း အမေရိကန်ဈေးကွက်ကို လက်မလွှတ်ရဖို့အတွက် သူတို့ဟာ တရုတ်အစိုးရနဲ့ ပတ်သက်မှုမရှိကြောင်း ပြသဖို့ ကြိုးစားနေတာ တွေ့ရပါတယ်။

ထရမ့်အနေနဲ့ TikTok ကို ပိတ်မယ်လို့တော့ ပြောတာမဟုတ်ပါဘူး။ ပိတ်နိုင်ခြေရှိတယ်လို့ပြောတာပါ။ ပြီးခဲ့တဲ့သီတင်းပတ်နောက်ဆုံးရက်တုန်းက ဖလော်ရီဒါကို သွားတဲ့လမ်းမှာ ထရမ့်က သတင်းထောက်တွေကို “ငါတို့တွေ TikTok ကို ကြည့်နေတယ်။ ပိတ်ပင်လိုက်တာလည်း ဖြစ်နိုင်တယ်” လို့ ပြောခဲ့တာပါ။ ဒါ့အပြင် အခြားရွေးချယ်စရာနည်းလမ်းတွေလည်း ရှိနေသေးတာကြောင့် ဘာလုပ်မယ်ဆိုတာတော့ မသိသေးပါဘူး။

“ငါတို့အနေနဲ့ တခြားတစ်ခုခုလည်း လုပ်နိုင်ပါတယ်။ ဘာလုပ်မလဲဆိုတာ ရွေးချယ်စရာအချို့ရှိနေတယ်။ ဒါပေမယ့် ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ လုပ်ဆောင်နေပြီဆိုတော့ ဘာဆက်ဖြစ်မလဲဆိုတာပဲ စောင့်ကြည့်ကြပေါ့” လို့ ထရမ့်က ထပ်ပြီးတော့ ပြောခဲ့တာပါ။ NBC ရဲ့ သတင်းဖော်ပြချက်အရ ဒေါ်လာ ၅၀ ကနေ ၁၀ ဘီလီယံကြားတန်ဖိုးရှိတဲ့ TikTok ကို Microsoft က ဝယ်ယူမယ်ဆိုတဲ့ ကောလာဟလကို ထရမ့် ငြင်းပယ်ခဲ့တာကို တွေ့ရပါတယ်။

အခုအချိန်အထိတော့ အမေရိကန်အစိုးရဟာ Huawei, ZTE တို့လို တရုတ်အခြေစိုက် နည်းပညာကုမ္ပဏီတွေကို နိုင်ငံတော်လုံခြုံရေးခြိမ်းခြောက်မှုတွေကြောင့် ပိတ်ပင်တယ်ဆိုပေမယ့် ဒီကုမ္ပဏီတွေက သတင်းအချက်အလက်တွေကို တရုတ်အစိုးရဆီ ပြန်ပို့ကြောင်း အထောက်အထားကို ပြသခြင်းမရှိသေးတာပါ။ TikTok ကလည်း သူတို့ကုမ္ပဏီအနေနဲ့ “အသုံးပြုသူတွေရဲ့ Privacy ကိုကာကွယ်တဲ့ အသုံးပြုမှုအတွေ့အကြုံကို မြှင့်တင်ခြင်းထက် ပိုပြီးဦးစားပေးထားတာမရှိကြောင်း” ထုတ်ပြန်ကြေညာခဲ့ပါတယ်။

Ref: Phone Arena