လက်ရှိမှာ ကုမ္ပဏီတန်ဖိုး အမေရိကန်ဒေါ်လာ ၅.၅ ဘီလီယံကျော်အထိ ရှိနေတဲ့ အမေရိကန် စက်ရုပ်နည်းပညာ ကုမ္ပဏီ Apptronik ဟာ တက္ကဆက်ပြည်နယ်၊ အော်စတင်မြို့မှာ စတုရန်းပေ ၉၀,၀၀၀ နီးပါးအထိ ကျယ်ဝန်းတဲ့ “Robot Park” (ရိုဘော့ပန်းခြံ) ကြီးတစ်ခုကို ဖွင့်လှစ်လိုက်ပါတယ်။
အဲဒီနေရာဟာ အနာဂတ်ရဲ့ လူတူစက်ရုပ် (Humanoid robot) တွေကို လက်တွေ့လုပ်ငန်းခွင်တွေထဲ ဝင်ရောက်လုပ်ကိုင်နိုင်အောင် လေ့ကျင့်ပေးမယ့် အကြီးစား AI လေ့ကျင့်ရေးစင်တာကြီး ဖြစ်ပါတယ်။
လက်ရှိမှာတော့ Apptronik ရဲ့ “Apollo” လို့ အမည်ရတဲ့ လူတူစက်ရုပ်တွေဟာ တကယ့်လက်တွေ့ လုပ်ငန်းခွင်တွေအတိုင်း ဖန်တီးထားတဲ့ ကုန်လှောင်ရုံ၊ စက်ရုံ၊ လက်လီအရောင်းဆိုင်နဲ့ ထောက်ပံ့ပို့ဆောင်ရေး ပတ်ဝန်းကျင်တွေထဲမှာ သေတ္တာတွေဆင့်တာ၊ ပစ္စည်းတွေ အမျိုးအစားခွဲတာနဲ့ ကုန်ပစ္စည်းတွေ ရွှေ့ပြောင်းတာ စတဲ့ အလုပ်တွေကို အပြင်းအထန် လေ့ကျင့်နေကြပါတယ်။
ထူးခြားတာက အဲဒီလေ့ကျင့်ခန်း အတော်များများကို လူသားအော်ပရေတာတွေကပဲ စိတ်ရှည်လက်ရှည် လမ်းညွှန်ထိန်းချုပ်ပေးနေတာဖြစ်ပြီး ဒါဟာ စက်ရုပ်တွေအတွက် လက်တွေ့ကမ္ဘာက အဖိုးတန်ဒေတာ အမြောက်အမြားကို စုဆောင်းရရှိစေပါတယ်။
အဲဒီဒေတာတွေကနေတစ်ဆင့် ရေရှည်မှာ စက်ရုပ်တွေရဲ့ AI စနစ်နဲ့ ကိုယ်ပိုင်ဆုံးဖြတ် လုပ်ကိုင်နိုင်စွမ်းကို ပိုမိုထက်မြက်လာစေမှာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း Apptronik က အဲဒီစင်တာကြီးကို မျိုးဆက်သစ် လူတူစက်ရုပ်တွေ အမြန်ဆုံး အကောင်အထည်ပေါ်လာစေဖို့ မောင်းနှင်ပေးမယ့် “ဒေတာစက်ရုံ” ကြီးတစ်ခုလို့ တင်စားခေါ်ဆိုထားပါတယ်။
နည်းပညာဘီလူးကြီး Google DeepMind နဲ့ ကားကုမ္ပဏီကြီး Mercedes-Benz တို့ရဲ့ ကျောထောက်နောက်ခံကို ရရှိထားတဲ့ အဲဒီကုမ္ပဏီက သူတို့ရဲ့ လူတူစက်ရုပ်တွေဟာ ကုန်ထုတ်လုပ်မှု၊ ကုန်လှောင်ရုံနဲ့ ထောက်ပံ့ပို့ဆောင်ရေး စတဲ့ လုပ်ငန်းခွင်တွေမှာ ကြုံတွေ့နေရတဲ့ လူသားလုပ်သားရှားပါးမှု ပြဿနာကို အကောင်းဆုံး ကူညီဖြေရှင်းပေးနိုင်လိမ့်မယ်လို့ ယုံကြည်နေပါတယ်။
ဒါ့အပြင် Apptronik ဟာ သူတို့ရဲ့ စက်ရုပ်တွေကို ဈေးကွက်ထဲ ပိုမိုကျယ်ကျယ်ပြန့်ပြန့် ချပြရောင်းချနိုင်ဖို့အတွက် ပြင်ဆင်တဲ့အနေနဲ့ နောက်ထပ် ရိုဘော့ပန်းခြံအသစ်တွေကိုလည်း ထပ်မံဖွင့်လှစ်သွားဖို့ စီစဉ်နေပါတယ်။