OpenAI ရဲ့ အမှုဆောင်အရာရှိချုပ် Sam Altman က AI နည်းပညာကြောင့် လူတွေ အလုပ်လက်မဲ့ဖြစ်ကုန်မယ်ဆိုတဲ့ စိုးရိမ်မှုတွေဟာ ရေရှည်မှာ ကြည့်ရင် အလွန်အမင်း အဆိုးမြင်လွန်းရာ ရောက်တယ်လို့ ပြောလိုက်ပါတယ်။ OpenAI ရဲ့ ရည်မှန်းချက်ဟာ လူတွေရဲ့ လုပ်ဆောင်နိုင်စွမ်းကို ပိုမိုမြင့်မားလာအောင် ကူညီပေးမယ့် AI Tools တွေ ဖန်တီးဖို့သာ ဖြစ်ပြီး လူသားတွေရဲ့ နေရာမှာ အစားထိုးဖို့ မဟုတ်ဘူးလို့ သူက ဆိုပါတယ်။

ဒါပေမဲ့ လက်ရှိမှာတော့ အမေရိကန်အပါအဝင် လုပ်ငန်းကဏ္ဍ အတော်များများမှာ AI ကြောင့် အလုပ်ထုတ်မှုတွေ ရှိနေတာကြောင့် စိုးရိမ်မှုတွေက မြင့်တက်နေတာပါ။ ဥပမာအားဖြင့် Candy Crush ဂိမ်းထုတ်လုပ်တဲ့ King ကုမ္ပဏီမှာ AI က ဂိမ်းအဆင့်တွေကို ဖန်တီးပေးနိုင်လာတဲ့အတွက် ဝန်ထမ်းအချို့ကို အလုပ်ထုတ်ခဲ့တာတွေ ရှိခဲ့ပါတယ်။ ဒါ့အပြင် နောက်ထပ် ၆ လကနေ ၁၂ လအတွင်းမှာ AI က ကုဒ်တွေကို အကုန်ရေးနိုင်တော့မယ်လို့ တခြားနည်းပညာကျွမ်းကျင်သူတွေက ခန့်မှန်းနေကြတာဟာလည်း လူထုကြားထဲမှာ ထိတ်လန့်စရာ ဖြစ်နေပါတယ်။

ဒီအပေါ်မှာ Sam Altman ကတော့ AI ဟာ အလုပ်အကိုင်ပုံစံတွေကို ပြောင်းလဲပစ်မှာ မှန်ပေမဲ့ လူသားတွေရဲ့ အခန်းကဏ္ဍကိုတော့ ပျောက်ကွယ်သွားအောင် လုပ်မှာမဟုတ်ဘူးလို့ ယုံကြည်နေပါတယ်။ အနာဂတ်မှာ လူတွေဟာ ပိုပြီး အဓိပ္ပာယ်ရှိတဲ့ အလုပ်တွေဆီ ကူးပြောင်းလုပ်ကိုင်လာရမှာဖြစ်ပြီး AI က ပင်ပန်းခက်ခဲတဲ့ အလုပ်တွေကို လျှော့ချပေးမှာ ဖြစ်တဲ့အတွက် လူသားတွေဟာ ပိုမိုလွတ်လပ်ပြီး စိတ်ကျေနပ်မှုရှိတဲ့ ဘဝတွေကို ပိုင်ဆိုင်လာနိုင်မယ်လို့ သူက အပြုသဘောနဲ့ သုံးသပ်ထားပါတယ်။
Ref : Gizmochina