Xiaomi ဟာ ပြီးခဲ့တဲ့နှစ်တုန်းက 50W အမြန်အားသွင်းစနစ်နဲ့ Mi Power Bank 3 ကို မိတ်ဆက်ခဲ့ပါတယ်။ အခုနှစ်မှာတော့ ကုမ္ပဏီဟာ 18W အမြန်အားသွင်းစနစ်နဲ့ အမျိုးအစားသစ်ကို မိတ်ဆက်လိုက်ပြန်ပါတယ်။ ဈေးနှုန်းကတော့ ၁၆၉ ယွမ် (၃ သောင်း လေးထောင်ဝန်းကျင်)  ပဲ ရှိပါတယ်။

Mi Power Bank 3 18W အမြန်အားသွင်းစနစ်ထောက်ပံ့တဲ့ ဗားရှင်းကို စတင်ရောင်းချမှာကတော့ ဇွန်လ ၁၈ ရက်နေ့မှဖြစ်ပေမယ့် JD.com မှာ ကြိုတင်မှာယူနိုင်ပြီ ဖြစ်ပါတယ်။ အခုမိတ်ဆက်လိုက်တဲ့ အမျိုးအစားဟာ ပြီးခဲ့တဲ့ Mi Power Bank 3 (50W) နဲ့ အတော်များများမှာတူပါတယ်။ အဓိကကွဲပြားခြားနားချက်က 18W နဲ့ 50W လို့ပဲ ဆိုရမှာပါ။

ဒီနှစ်ထုတ် Mi Power Bank 3 ဟာ အမြန်အားသွင်းစနစ်မှာ 18W ဖြစ်သွားပေမယ့် ဘက်ထရီပမာဏကတော့ 30,000mAh ဖြစ်လာပါတယ်။ ပြီးခဲ့တဲ့နှစ်က 50W အမျိုးအစားဟာ 20,000mAh ပမာဏပဲ ပါဝင်တာ ဖြစ်ပါတယ်။ ဒါဟာ ဒီနှစ်မော်ဒယ်ရဲ့ အဓိက အားသာချက်လို့ ဆိုရပါလိမ့်မယ်။

Mi Power Bank 3 (18W) ဟာ Redmi K30 Pro လို စမတ်ဖုန်းမျိုးကိုအားသွင်းရင် ၄.၅ ကြိမ်လောက်အထိ သွင်းနိုင်တယ်လို့ ဆိုပါတယ်။ iPhone SE ဆိုရင် ဒီ Power Bank နဲ့ ၁၀.၅ ကြိမ်အထိ အားသွင်းနိုင်တယ်လို့ သိရပါတယ်။ ဒစ်ဂျစ်တယ်ပစ္စည်းအများစုနဲ့ သဟဇာတဖြစ်ပြီး Device သုံးခုကို တပြိုင်နက်အားသွင်းနိုင်တယ်လို့လည်း သိရပါတယ်။

USB-A port နှစ်ခုနဲ့ USB-C port တစ်ခုပါဝင်ပြီး Power Bank ကို အားပြန်သွင်းဖို့အတွက် 24W Max inport လည်း ပါဝင်ပါတယ်။ အားသွင်း နှုန်းအတော်များများနဲ့လာတာဖြစ်ပြီး Apple ရော Android နှစ်မျိုးစလုံးကို အနှောင့်ယှက် မရှိအားသွင်းနိုင်တယ်လို့ သိရပါတယ်။

Ref: Gizmochina