အမေရိကန် အစိုးရက တရုတ်အပေါ် အခွန်တိုးမြှင့်ကောက်ခံလိုက်တဲ့အတွက် တရုတ်မှာ iPhone အများစု ထုတ်လုပ်နေတဲ့ Apple အတွက် တော်တော် နစ်နာသွားမှာ ဖြစ်ပါတယ်။ အမေရိကန် အစိုးရက Apple ကို အမေရိကန်မှာ iPhone ထုတ်လုပ်ဖို့ တွန်းအားပေးနေပြီး အမေရိကန် နိုင်ငံသား သန်းပေါင်းများစွာလည်း အလုပ်ရမယ်လို့ ပြောနေပါတယ်။
ဒါပေမယ့် တချို့ ပညာရှင်တွေက ဒါကို သဘောမတူပါဘူး။ Wedbush Securities ရဲ့ နည်းပညာ လေ့လာဆန်းစစ်သူ Dan Ives က iPhone ကို အမေရိကန်မှာ ထုတ်လုပ်ရင် ပိုပြီး ဈေးတက်လာမယ်လို့ ပြောပါတယ်။
လက်ရှိမှာ iPhone ကို ဒေါ်လာ ၁,၀၀၀ ဝန်းကျင်နဲ့ ရောင်းချနေပါတယ်။ iPhone ထုတ်လုပ်မှုကို အမေရိကန်မှာ ပြုလုပ်ရင် ဈေးနှုန်းဟာ ၃ ဆလောက် တက်သွားနိုင်ပါတယ်။ Ives က “ Apple ဟာ အမေရိကန်မှာ Supply Chain ကို တည်ဆောက်ရမှာ ဖြစ်ပြီး West Virginia နဲ့ New Jersey မှာ စက်ရုံ တည်ဆောက်ရမှာ ဖြစ်ပါတယ်။ အဲဒီအတွက် iPhone ဈေးနှုန်းဟာ ဒေါ်လာ ၃,၅၀၀ လောက် ဖြစ်သွားနိုင်ပါတယ်။
Apple ဟာ လက်ရှိမှာ အာရှမှာ ကြီးမားတဲ့ Supply Chain ကို မှီခိုနေရတာ ဖြစ်ပြီး အဲဒီ ကွန်ရက်ဟာ စွမ်းရည်မြင့်သလို နှစ်များစွာကြာ တည်ဆောက်ထားတာပါ။ အဲဒါကို အမေရိကန်မှာ တည်ဆောက်ရင် လွယ်ကူမှာ မဟုတ်သလို ဈေးလည်းပေါမှာ မဟုတ်ပါဘူး။
Ives က Apple ရဲ့ ထုတ်လုပ်မှုကို ၁၀ ရာခိုင်နှုန်းလောက်ပဲ အမေရိကန်ကို ပြောင်းရွှေ့ရင် ဒေါ်လာ ၃၀ ဘီလီယမ် ကုန်ကျမယ်လို့ ပြောပါတယ်။ အပြီးအစီး တည်ဆောက်ဖို့ အနည်းဆုံး ၃ နှစ်ကြာမှာ ဖြစ်ပါတယ်။
ဒါ့အပြင် အမေရိကန်မှာ အလုပ်သမားတွေရဲ့ လုပ်အားခဟာ တရုတ်၊ ဗီယက်နမ် တို့လို နိုင်ငံတွေထက် မြင့်မားပါတယ်။ စက်ရုံအသစ်တွေ တည်ဆောက်ရတာ၊ အလုပ်သမား ငှားရတာနဲ့ လေ့ကျင့်သင်ကြားပေးရတာတွေကြောင့် iPhone ဈေးနှုန်း တော်တော်တက်သွားမှာပါ။
Ref: gizchina