အမေရိကန်မှာ CEO Elon Musk ကို ဆန့်ကျင် ဆန္ဒပြမှုတွေ ဖြစ်ပေါ်နေတဲ့အချိန်မှာပဲ တက္ကဆပ် မှ Tesla ကား Showroom မှာ ပေါက်ကွဲစေတတ်တဲ့ ပစ္စည်းများစွာကို တွေ့ရှိခဲ့ပါတယ်။
အမည်မဖော်လိုသူ ၁ ယောက်က ဖုန်း ဆက်အကြောင်းကြားတဲ့အတွက် မတ်လ ၂၄ ရက်နေ့ နံနက် ၈ နာရီမှာ အော်စတင် ရဲဌာနမှ အရာရှိတွေဟာ အဲဒီ Showroom ကို သွားရောက်စစ်ဆေးခဲ့ပါတယ်။ အဲဒီမှာ သံသယဖြစ်စရာ ပစ္စည်းတွေကို တွေ့ခဲ့တဲ့အတွက် ဗုံးဖြုတ်တဲ့ အဖွဲ့ကို ခေါ်ယူခဲ့ရပါတယ်။ အဲဒီ ပေါက်ကွဲစေတတ်တဲ့ ပစ္စည်းတွေကို ရဲတွေက ယူဆောင်သွားပြီး စစ်ဆေးမှုတွေ ပြုလုပ်နေပါတယ်။
Musk ဟာ အမေရိကန် အစိုးရအပေါ်ကို ဩဇာလွှမ်းမိုးနေတဲ့အတွက် ပြည်သူတွေက မကျေမနပ် ဖြစ်နေကြပါတယ်။ ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေအတွင်းမှာ Tesla ကုမ္ပဏီကို ပစ်မှတ်ထား တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ကြပါတယ်။
မတ်လ အစောပိုင်းမှာ တောင်ကယ်ရိုလိုင်းနားမှာ အမျိုးသား ၁ ယောက်ဟာ မီးရှို့ထားတဲ့ ဘီယာ ပုလင်းတွေကို Tesla အားသွင်း စတေရှင်ကို ပစ်ပေါက်ခဲ့တဲ့အတွက် အားသွင်း စတေရှင် မီးလောင်သွားခဲ့ပါတယ်။ Tesla ကား Showroom တွေနဲ့ အားသွင်း စတေရှင်တွေကို မီးရှို့ဖျက်ဆီးမှုတွေ ရှိခဲ့ပါတယ်။
ဒါ့အပြင် Tesla ကား Showroom အပြင်ဘက်မှာ လူထောင်ပေါင်းများစွာက ငြိမ်းချမ်းစွာ ဆန္ဒပြမှုတွေလည်း ရှိနေပါတယ်။
ဒေါ်နယ်ထရမ့် က သူ့ရဲ့ ရွေးကောက်ပွဲမှာ ဒေါ်လာ သန်းပေါင်းများစွာ လှူဒါန်းထားတဲ့ Musk ကို ကာကွယ်ပေးနေပြီး Tesla ကို တိုက်ခိုက်ဖျက်ဆီးသူတွေကို အယ်လ်ဆာဗေးဒိုး က ထောင်ကို ပို့မယ်လို့ ကြုံးဝါးထားပါတယ်။
Musk ဟာ အစိုးရ စွမ်းရည်မြှင့်တင်ရေး ဌာနကို ဦးဆောင်နေပြီး အစိုးရရဲ့ အသုံးစားရိတ်နဲ့ အစိုးရ ဝန်ထမ်းတွေကို လျှော့ချနေပါတယ်။
Ref: standard.co.uk