Google Translate ဟာ လက်ရှိအချိန်မှာအကောင်းဆုံးသော Translation Service ဆိုရင်လည်း မမှားပါဘူး။ ဒါပေမယ့် Google Translate ကို အသုံးပြုမှုတွေဟာ ကိုယ်မသိတဲ့ဘာသာစကားနဲ့ ရေးသားထားတဲ့စာသားတွေကိုပဲ ဘာသာပြန်ဖို့အတွက် အသုံးများနေတာဖြစ်ပါတယ်။

အဲ့ဒီအတွက် အခု Article မှာတော့ Google Translate ရဲ့ လူသုံးနည်းတဲ့ Feature တစ်ခုဖြစ်တဲ့ Transcribe Feature အကြောင်းကို အနည်းငယ်ပြောပြပေးသွားမှာဖြစ်ပါတယ်။ Transcribe ဆိုတာကတော့ ရေးသားထားတဲ့စာသားတွေအစား စကားပြောဆိုမှုတွေကို ဘာသာပြန်ပေးသွားမှာပဲဖြစ်ပါတယ်။

အခုလိုမျိုး ကိုယ်မသိနားမလည်တဲ့ ဘာသာစကားနဲ့စကားပြောဆိုမှုတွေကို ဘာသာပြန်ပြီး စာသားအနေနဲ့ ပြောင်းလဲဖို့အတွက်ကတော့ အရင်ဆုံး ကိုယ့်စမတ်ဖုန်းမှာ Google Translate App ကို Download ပြုလုပ်ထားဖို့ လိုအပ်ပါတယ်။ Google Translate App ဟာ Google Play Store နဲ့ Apple App Store တွေမှာ အခမဲ့ရယူနိုင်တဲ့ App ဖြစ်ပါတယ်။

အသုံးပြုဖို့အတွက်ကတော့ Google Translate App ကို ဖွင့်ပြီး Camera ၊ Conversation နဲ့ Transcribe ၃ မျိုးထဲက Transcribe ကို ရွေးချယ်ပေးရမှာဖြစ်ပါတယ်။ ပြီးရင် ကိုယ်ဘာသာပြန်ချင်တဲ့ Language တွေကို ရွေးချယ်ပေးဖို့လိုအပ်မှာဖြစ်ပါတယ်။


အဲ့ဒီနောက်မှာတော့ Microphone Icon ကိုနှိပ်ပြီး ကိုယ်ဘာသာပြန်ချင်တဲ့ ဘာသာစကားနဲ့ စကားပြောလိုက်တာနဲ့ ချက်ချင်း ဘာသာပြန်ပေးသွားမှာဖြစ်ပါတယ်။ ဘာသာပြန်ပြီးတဲ့ စာသားကိုရရှိပြီဆိုရင်တော့ သိမ်းဆည်းဖို့အတွက်က Screen ရဲ့ ညာဘက်အပေါ်ထောင့်မှာရှိတဲ့ ကြယ်ပုံလေးကို နှိပ်ပြီး Save ပြုလုပ်နိုင်မှာဖြစ်ပါတယ်။

အခုလိုမျိုး သိမ်းဆည်းထားတဲ့ Transcript တွေကို ပြန်လည်ရှာဖွေချင်တယ်ဆိုရင်လည်း Google Translate ရဲ့ Menu ကတစ်ဆင့် Saved Transcripts ကို ဝင်ရောက်ပြီး ပြန်လည်ကြည့်ရှုနိင်မှာဖြစ်ပါတယ်။

ဒီလိုမျိုး Google Translate ရဲ့ Transcript Feature ဟာ လက်တွေ့စကားပြောဆိုတဲ့အချိန်မှာ အသုံးချနိုင်သလို တချို့သော နားလည်ဖို့ခက်ခဲတဲ့ ရုပ်ရှင် ဒါမှမဟုတ် Video တွေကစကားပြောတွေကိုပါ ဘာသာပြန်တဲ့နေရာမှာအသုံးချနိုင်မှာဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် ဘာသာစကားလေ့လာနေတဲ့သူတွေအတွက်ကတော့ အခု Feature က အသုံးဝင်တဲ့ Feature တစ်ခုဖြစ်လာမှာပါ။

Ref – Android Central