Huawei ကနေ ယခုလမှာကျင်းပမယ့် MWC 2018 ပွဲကိုတက်ရောက်မှာမဟုတ်တဲ့အကြောင်း တရားဝင်ထုတ်ပြန်ထားတဲ့အတွက် Huawei ရဲ့ Flagship ဖုန်းတွေကို အခု MWC ပြီးမှပဲ သီးခြားတွေ့ရမယ်လို့ ယူဆထားကြတာဖြစ်ပါတယ်။ အခုလို ယူဆထားသလိုပဲ Huawei ကနေ P10 ရဲ့ မျိုးဆက်ဖြစ်လာမယ့် စမတ်ဖုန်းတွေကို မိတ်ဆက်မယ့်ရက်ကို ထုတ်ဖော်ပြောကြားလိုက်ပါပြီ။

Huawei က Huawei P11 (သို့) P20 စမတ်ဖုန်းကို လာမယ့် မတ်လ ၂၇ ရက်နေ့မှာ ပြင်သစ်နိုင်ငံ ပဲရစ်မြို့မှာ ထုတ်ဖောပြသသွားမှာဖြစ်ပြီးတော့ Invitation Letter မှာ “New Flagship Devices” လို့ ရေးသားထားတဲ့အတွက် Huawei P20 ၊ P20 Lite နဲ့ P20 Pro ဆိုပြီး စမတ်ဖုန်း ၃ မျိုး ထုတ်လုပ်မယ်ဆိုတာ မှန်ကန်တဲ့ပုံပါပဲ။

အခု Huawei ရဲ့ စမတ်ဖုန်းအသစ်တွေဟာ Samsung Galaxy S9 စမတ်ဖုန်းနဲ့ ယှဉ်ရင် တစ်လကျော်နောက်ကျတယ်ဆိုပေမယ့် Huawei ကနေ ကိုယ်ပိုင် AI နည်းပညာတွေနဲ့ ထုတ်လုပ်ထားတဲ့ Processor ၊ ယခင်က သတင်းပေါက်ကြားခဲ့သလို ကင်မရာ ၃ လုံးပါဝင်လာမယ်ဆိုရင် အခုနှစ်အတွက် အကောင်းဆုံးသော စမတ်ဖုန်းတွေထဲမှာပါဝင်သွားမှာပဲဖြစ်ပါတယ်။

ယခင်နှစ်တွေတုန်းက Huawei ဟာ အခြား Samsung နဲ့ Apple လိုမျိုး ကုမ္ပဏီတွေရဲ့ အနောက်မှာပဲ ရှိနေခဲ့ပေမယ့် ယခုနှစ်မှာတော့ ကျော်တက်နိုင်မလားဆိုတာ ဆက်လက်စောင့်ကြည့်ရမှာပါ။