OnePlus 8T ကို လာမယ့် အောက်တိုဘာလ ၁၄ ရက်နေ့မှာ ဖြန့်ချိမယ်လို့ တရားဝင် ကြေညာထားပြီး ဖြစ်ပါတယ်။ ပုံမှန်အားဖြင့်တော့ ကုမ္ပဏီတွေဟာ ထုတ်ကုန်နဲ့ပတ်သက်တဲ့ အချက်အလက်တွေကို Teaser တွေကတစ်ဆင့်ပဲ ဖော်ပြလေ့ ရှိတာပါ။ ဒါပေမယ့် Mr. Pete Lau က OnePlus 8T ရဲ့ မျက်နှာပြင်နဲ့ပတ်သက်တဲ့ အချက်အလက်အချို့ကို ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

လွန်ခဲ့တဲ့ရက်အနည်းငယ်တုန်းကလည်း OnePlus 8T ရဲ့ 3D CAD ပုံရိပ်တွေ ပေါက်ကြားထွက်ပေါ်လာခဲ့ပါသေးတယ်။ ဒါကြောင့် ဟန်းဆက်တစ်ခုလုံးရဲ့ ပုံစံကိုဖော်ထုတ်နိုင်ခဲ့ပါတယ်။ ဒါ့အပြင် ကုမ္ပဏီနဲ့တရားဝင်မိတ်ဖက်ဖြစ်တဲ့ TechRadar ကလည်း OnePlus 8T ရဲ့ မျက်နှာပြင်ကြောင်းကို အကျယ်တဝင့် ဖော်ပြလာတာကိုလည်း တွေ့ရပါတယ်။

OnePlus 8T ဟာ 6.55-inch flexible AMOLED မျက်နှာပြင်နဲ့ဖြစ်ပြီး 120Hz Refresh Rate ကိုလည်း ထောက်ပံ့ပေးထားပါတယ်။ 2.5D Curved Glass လည်း ဖြစ်ပါတယ်။ နောက်ထပ်ပြောစရာရှိတာက အမြင့်ဆုံး Brightness ဟာ 1,100 nits, 100% DCI-P3 အရောင်အသွေး၊ 0.3 JNCD (Just Noticeable Color Difference) နဲ့ 91.9% screen-to-body အချိုးတွေပါပဲ။ ဒီတော့ OnePlus 8T ရဲ့ Bezel တွေဟာ OnePlus 8 Pro ထက် ပိုပြီးပါးလာတယ်လို့ ဆိုနိုင်ပါတယ်။

Mr. Pete Lau က မျက်နှာပြင်ရဲ့ Resolution ကို မဖော်ပြခဲ့ပေမယ့် ပေါက်ကြားမှုအချို့ကတော့ QHD+ အစား FHD+ ဖြစ်လာမယ်လို့ ညွှန်ပြနေပါတယ်။ OnePlus 8T ဟာ Qualcomm Snapdragon 865 SoC, ကျောဘက်မှာ 48MP (wide) + 16MP (ultra-wide) + 5MP (macro) + 2MP (depth) ကင်မရာလေးလုံးနဲ့၊ အရှေ့ဘက်မှာ Punch-hole နဲ့အတူ 32MP Selfie ကင်မရာတစ်လုံး တပ်ဆင်ပေးထားမှာ ဖြစ်ပါတယ်။ ဘက်ထရီကတော့ 4,500mAh ဖြစ်ပြီး 65W အမြန်အားသွင်းစနစ်လည်း ထောက်ပံ့ပေးထားဦးမယ်လို့ သိရပါတယ်။

Ref: Gizmochina