ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်ဟာ Bitcoin အပါအဝင် Cryptocurrency ရဲ့ ခေတ်တစ်ခေတ်လို့တောင် ပြောနိုင်ပါတယ်။ Bitcoin စျေးနှုန်းဟာလည်း အမြင့်ဆုံးအထိ ရောက်ရှိခဲ့သလို NFT လို့ ခေါ်ဆိုကြတဲ့ Non-fungible Token တွေကလည်း တဖြည်းဖြည်းစတင်နေရာယူလာပြီဖြစ်ပါတယ်။

ဒါကြောင့် Bitcoin ၊ NFT အပါအဝင် Cryptocurrency စျေးကွက်က ယခု ၂၀၂၂ ခုနှစ်မှာ ဘယ်လိုမျိုးဖြစ်လာမလဲဆိုတာအပေါ် ပညာရှင်တွေရဲ့ ခန့်မှန်းချက် (၅) ချက်ကို ဖော်ပြလိုက်ပါတယ်။

(1) Crypto က ပိုကျယ်ပြန့်လာပြီး Mainstream ဖြစ်လာမယ်

အခုအချိန်မှာ စီးပွားရေးကုမ္ပဏီကြီးတွေက Cryptocurrency ကို သူတို့စီးပွားရေးလုပ်ငန်းမှာ ဘယ်လိုအသုံးချနိုင်မလဲဆိုတာကို စတင်စဥ်းစားဆောင်ရွက်နေကြပြီဖြစ်ပါတယ်။ ဒါတွေက အသုံးချမှုတွေပိုပြီး များပြားလာတာနဲ့အတူ ကျွန်တော်တို့အတွက် Digital ငွေကြေးတွေကို အသုံးပြုတဲ့ပုံစံကလည်း ပြောင်းလဲနိုင်ပါတယ်။ Stellar Development Foundation ရဲ့ CEO ဖြစ်တဲ့ Denelle Dixion ကတော့ ၂၀၂၂ ခုနှစ်ဟာ လူစိတ်ဝင်စားတဲ့ ကိစ္စတွေထက် တကယ်လုပ်ငန်းခွင်မှာ စတင်အသုံးချလာတော့မယ့်နှစ်ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

(2) NFT တွေဟာ ပိုင်ဆိုင်မှုနဲ့ပတ်သက်ပြီး အခွင့်အလမ်းအသစ်တွေပေါ်လာစေမယ်

၂၀၂၁ ခုနှစ်ရဲ့ ရေပန်းအစားဆုံးစကားလုံးတစ်လုံးဖြစ်တဲ့ NFT ဟာ လက်ရှိအချိန်မှာ ကျွန်တော်တို့ရဲ့ ပိုင်ဆိုင်မှုကို ဖော်ပြတဲ့နေရာမှာ အဆင့်တစ်ခုကို ခေါ်ဆောင်သွားနိုင်ပြီဖြစ်ပါတယ်။ Blockchain နည်းပညာကြောင့် ပြင်ဆင်၊ ဖျက်စီးနိုင်ခြင်းမရှိတော့တာကြောင့် NFT တွေဟာ ပိုင်ဆိုင်မှုကို ဖော်ပြတဲ့အချိန်မှာ ပိုပြီး ပွင့်လင်းမြင်သာနိုင်စေသလို အတုအပပြုလုပ်မှုတွေကလည်း ကာကွယ်နိုင်ပြီဖြစ်ပါတယ်။ ဒါကြောင့် Digital Art တွေအပြင် တခြားသော Virtual World ထဲက Digital Land ဝယ်ယူမှုတွေ၊ Next Generation Music Ownership တွေအထိ ရောက်ရှိလာပြီဖြစ်ပါတယ်။ ဒီလိုမျိုး NFT ရဲ့ ဖြစ်နိုင်ခြေတွေဟာ အလွန်များပြားပြီးတော့ ယခု ၂၀၂၂ ခုနှစ်မှာ အသုံးချမှုအလွန်မြင့်မားလာမယ်လို့ ခန့်မှန်းထားကြပါတယ်။

(3) Hack ခံရတာတွေနဲ့ Ransomware တိုက်ခိုက်မှုတွေ ပိုများပြားလာမယ်

အခုလိုမျိုး Cryptocurrency စျေးကွက်အပေါ်မှာ လူစိတ်ဝင်စားမှုများပြားလာတာနဲ့အတူ ယခင်တုန်းက သာမန်ငွေကြေးတွေနဲ့ Bank တွေကို ဦးစားပေး Hack ပြုလုပ်မှုတွေက Cryptocurrency ဘက်ကို လှည့်လာနိုင်ပါတယ်။ ဒါကလည်း Cryptocurrency ဟာ အကန့်အသတ်မရှိသလို ငွေကြေးလွှဲပြောင်းပြီးရင်လည်း ပြန်လည်ရယူနိုင်ဖို့ မဖြစ်နိုင်သလောက်ဖြစ်နေတာကြောင့် ဖြစ်ပါတယ်။ ဒါကြောင့် Cryptocurrency စျေးကွက်ကို အခုမှစပြီး ဝင်ရောက်မယ်ဆိုရင် ဒီလိုမျိုး Hack တာတွေနဲ့ Ransomware တိုက်ခိုက်ခံရတာတွေက ပိုပြီး ကြုံတွေ့ရတတ်ပါတယ်။

(4) Stablecoin တွေပိုပြီး နေရာရလာမယ်

Bitcoin ဟာ ယခုနှစ်အတွင်းမှာ စျေးနှုန်းအမြင့်ဆုံးရောက်ရှိခဲ့ပြီး တခြားသော Cryptocurrency တွေဟာလည်း အတက်အကျပြင်းထန်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ဒီလိုမျိုး ငွေကြေးအတက်အကျမရှိတဲ့ Stablecoin တွေ၊ အထူးသဖြင့် USDT လိုမျိုးကလည်း လူစိတ်ဝင်စားမှုပိုပြီး ခံရနေပြီဖြစ်ပါတယ်။ ဒီလိုမျိုး Stablecoin တွေဟာ ၂၀၂၂ ခုနှစ်မှာ Payment တွေအတွက် အသုံးပြုနိုင်မှာဖြစ်သလို Digital Dollar ငွေကြေးအနေနဲ့ ပြောင်းလဲအသုံးပြုလာနိုင်ခြေများနေပါတယ်။

(5) Crypto နဲ့ ပတ်သက်ပြီး စည်းမျဥ်းအသစ်တွေပေါ်လာနိုင်တယ်

Cryptocurrency ရဲ့ အားသာချက်က အလွန်ကျယ်ပြန့်ပြီး နိုင်ငံအစိုးရတွေ၊ ဘဏ်တွေကနေ ထိန်းချူပ်နိုင်ခြင်းမရှိတာပဲဖြစ်ပါတယ်။ ဒါက ၂၀၂၂ ခုနှစ်မှာလည်း ပြောင်းလဲသွားဖို့မရှိပေမယ့် Cryptocurrency ကို အစိုးရတွေကနေ Support ပေးလာတာနဲ့အတူ တစ်ချို့သော စည်းမျဥ်းအသစ်တွေ ပေါ်ပေါက်လာဖွယ်ရှိပါတယ်။ အထူးသဖြင့် US က ဥပဒေတာဝန်ရှိသူတွေဟာ Stablecoin တွေကို အခွန်ကောက်နိုင်ဖို့၊ Cryptocurrency နဲ့ ရှုပ်ထွေးနေတဲ့ Blockchain ပိုင်းမှာ ဘယ်လိုမျိုး ဆောင်ရွက်နိုင်မလဲဆိုတာကို စဥ်းစားဆောင်ရွက်နေကြပြီဖြစ်ပါတယ်။