Android ဖုန်းတစ်ခု ဝယ်ယူထားတယ်ဆိုရင် ဖုန်းက ဝယ်လာတုန်းက သုံးရတာမြန်ဆန်ပေမယ့် အချိန်ကြာလာတာနဲ့အမျှ နှေးကွေးလာတာကို ကြုံဖူးကြမှာပါ။ အဲ့ဒါဟာ ဘာကြောင့်လဲဆိုရင် Application တွေကို ဖုန်းက မနိုင်တဲ့ လေးပင်တဲ့ Application တွေပဲ Install ပြုလုပ်ထားတာကြောင့်ဖြစ်ပါတယ်။ အခုပြောပြသွားမယ့် Application တွေက ဖုန်းကို အဓိကလေးလံစေတဲ့ Application တွေဖြစ်တဲ့အတွက် တကယ်လို့ သွင်းထားမိရင် Uninstall လုပ်ထားတာ အကြောင်းဆုံးဖြစ်မှာပါ။
1. Snapchat
Snapchat Application က သုံးရတာပျော်ဖို့ကောင်းပေမယ့် ဖုန်းရဲ့ လုပ်ဆောင်နိုင်စွမ်းကို ကျဆင်းစေတဲ့ Application တစ်ခုဖြစ်ပါတယ်။ အဆိုပါ Application ဟာ ဖုန်းရဲ့ Battery နဲ့ Memory ကို စားသုံးရုံသာမကပဲ အသုံးပြုဖို့မလိုအပ်တဲ့ Content တွေ၊ Live Stories တွေနဲ့ Daily News တွေကို အလိုအလျောက် Download ဆွဲနေဦးမှာဖြစ်ပါတယ်။
2. Outlook
Mail ကို အသုံးများတဲ့သူဆိုရင် Microsoft Outlook Application ကို သိကြမှာပါ။ Outlook ဟာ ကွန်ပျူတာမှာအလွန်သုံးရတာ အဆင်ပြေတယ်ဆိုပေမယ့် Android မှာတော့ နဂိုပါဝင်တဲ့ Gmail App ထက် Feature တွေပိုမိုများပြားတာမဟုတ်တဲ့အပြင် အမြဲတမ်း Mail ဝင်မဝင်ကို Sync ပြုလုပ်နေတဲ့အတွက် ဖုန်းရဲ့ Battery ကို ပုံမှန်ထက်ပိုပြီး ကုန်စေမှာဖြစ်ပါတယ်။
3. Flashlight LED
လူတော်တော်များများက ဖုန်းဝင်လာတဲ့အချိန်နဲ့ Message ဝင်လာတဲ့အချိန်ကို ပိုပြီးသတိထားမိအောင် Flashlight Alert Application တွေကို အသုံးပြုကြတာများပါတယ်။ ဒါပေမယ့် လူအတော်များများသတိမထားမိတာက အဆိုပါ Application တွေက ဖုန်းရဲ့ Permissions အမြောက်အများကို ရယူထားပြီး နောက်ကွယ်မှာ အမြဲတမ်းအလုပ်လုပ်နေတဲ့အတွက် Battery ကိုလည်း အကုန်မြန်စေတာဖြစ်ပါတယ်။
အခုအချိန်မှာ အချို့သော Xiaomi, Meizu လိုဖုန်းတွေက ဖုန်းမှာပဲ Setting ထဲမှာ Flashlight Alert ကို အသုံးပြုလို့ရနေပြီဖြစ်တဲ့အတွက် နဂိုပါတဲ့အတိုင်းပဲ အသုံးပြုတာ အကောင်းဆုံးလို့ ပြောလို့ရပါတယ်။
4. Facebook & Messenger
ကိုယ့်ဖုန်းက Version အနိမ့်ဖြစ်နေပြီဆိုရင် Facebook Version အမြင့်၊ Messenger Version အမြင့် နောက်ဆုံးထွက်တာတွေကို တင်လိုက်ရင် ဖုန်းက လေးပြီး Hang သွားတာကို ကြုံဖူးကြမှာပါ။ တကယ်လို့ ကိုယ့်ဖုန်းမှာ အဲ့ဒီလိုမျိုးကြုံနေရပြီဆိုရင်တော့ Facebook နဲ့ Messenger ကို Uninstall လုပ်လိုက်ပြီး Facebook Lite နဲ့ Messenger Lite လို Applications တွေကိုပဲ ပြောင်းလဲသုံးစွဲတာအကောင်းဆုံးဖြစ်မှာပါ။ အဆိုပါ Lite Application တွေဟာဆိုရင် File Size သေးငယ်တဲ့အတွက် ဖုန်းရဲ့ Storage ကိုလည်းပိုထွက်လာစေပြီး Data စားသုံးမှုနည်းပါးတဲ့အတွက် ဖုန်းဘေကိုလည်း ချွေတာနိုင်မှာပါ။
5. ES File Explorer
ES File Explorer ကို Android ဖုန်းအသုံးပြုသူတော်တော်များများ သိကြမယ်ထင်ပါတယ်။ ယခင်စစထွက်ခြင်းတုန်းက ES File Explorer App ဟာ အသုံးပြုရလွယ်ပြီး ရိုးရှင်းတယ်ဆိုပေမယ့် အခုအချိန်မှာတော့ ES File Explorer ဟာ ကြော်ငြာတွေအများအပြားပါဝင်လာပြီပဲဖြစ်ပါတယ်။ အဲ့ဒီအတွက် Application တွေကိုပါ အတင်း Download ဆွဲခိုင်းတဲ့ ES File Explorer အစား အခြား File Commander App လိုမျိုး File Manager App ကို ပြောင်းလဲအသုံးပြုတာပိုသင့်လျော်မှာပါ။
6. Cleaner Apps
ဖုန်းကိုလေးနေတာတွေကို ပေါ့သွားအောင်လုပ်ပေးတယ်ဆိုပြီး ကြော်ငြာနေတဲ့ Cleaner Apps တွေဟာ အမှန်တကယ်ဖုန်းကို ပိုပြီး လေးလံအောင် လုပ်ဆောင်နေတဲ့ Application တွေဖြစ်ပါတယ်။ အဆိုပါ Cleaner Application တွေက ဖုန်းရဲ့နောက်ကွယ်မှာ အမြဲတမ်းအလုပ်လုပ်နေပြီး အခြားသော Application တွေကိုပါ ထိန်းချုပ်တတ်တဲ့အတွက် အမြန်ဆုံး Uninstall လုပ်သင့်တဲ့ Application တွေဖြစ်ပါတယ်။
7. Dolphin Browser
Dolphin Browser ကို Uninstall ပြုလုပ်သင့်တဲ့အကြောင်းအရင်းက အဆိုပါ Browser ဟာ Incognito Mode နဲ့အသုံးပြုနေရင်တောင် အသုံးပြုခဲ့တဲ့ Website History တွေအကုန်လုံးကို မှတ်သားနေတာကြောင့်ဖြစ်ပါတယ်။ အဲ့ဒီအတွက်အခြားသော Opera, UC Browser တွေကိုပဲ အစားထိုးသုံးစွဲသင့်ပါတယ်။