Apple ဟာ လာမယ့် စက်တင်ဘာလအတွင်းမှာ iPhone 15 Series ဖုန်းတွေကို တရားဝင်မိတ်ဆက်သွားတော့မှာပဲဖြစ်ပါတယ်။ ယခုနှစ်မှာ Apple ကနေ အဆိုပါ iPhone 15 ဖုန်းတွေကို ပုံမှန်ထက် ပိုမိုပြီး အဆင့်မြှင့်တင်သွားဖို့ စီစဥ်နေပုံပါပဲ။

အခုနောက်ဆုံးထွက်ရှိထားတဲ့သတင်းတွေအရ iPhone 15 Series ဖုန်းတွေအကုန်လုံးကို 48MP Camera Sensor ထည့်သွင်းပေးထားမယ်လို့ သိရပြီး ယခင်ထက် ကင်မရာပိုင်းမှာပိုမိုကောင်းမွန်လာမယ်လို့ သိရပါတယ်။ Apple ဟာ မနှစ်တုန်းက iPhone 14 Pro နဲ့ iPhone 14 Pro Max ဖုန်းတွေအတွက်ပဲ 48MP Sensor ကို ထည့်သွင်းပေးခဲ့တာဖြစ်ပေမယ့် အခုအချိန်မှာတော့ ပုံမှန် iPhone 15 နဲ့ iPhone 15 Plus ဖုန်းတွေပါ 48MP Camera Sensor ပါဝင်လာမှာဖြစ်ပါတယ်။

iPhone 15 နဲ့ iPhone 15 Plus ဖုန်းတွေမှာ အသုံးပြုလာမယ့် 48MP Sensor ဟာ Advanced 1/1.5-inch Stacked CMOS Image Sensor (CIS) အမျိုးအစားဖြစ်ပြီး ယခင်ထက် အလင်းရောင်နည်းပါးတဲ့အခြေအနေတွေမှာ ဓါတ်ပုံရိုက်ကူးမှုတွေကို ပိုမိုကောင်းမွန်စေမှာဖြစ်ပါတယ်။ ဒါ့အပြင် Sensor-crop နည်းပညာကြောင့် ယခင် Pro ဖုန်းတွေမှာပဲ အသုံးပြုနိုင်ခဲ့တဲ့ 2x Zoom နဲ့ 2x Portrait Mode တွေကိုပါ ရိုက်ကူးနိုင်မယ်လို့ သိရပါတယ်။

ဒါ့အပြင် အဆိုပါ iPhone 15 Series ဖုန်းတွေမှာ ပါဝင်လာမယ့် 48MP Camera ဟာ Hybrid Lens ဒီဇိုင်းအသစ်က အဆင့်မြှင့်တင်ထားမှာဖြစ်ပါတယ်။ အဆိုပါ Hybrid Lens နည်းပညာဟာ Single Glass Element အပြင် Plastic Element ၆ ခုအထိပါဝင်မှာပါ။ Aperture ပိုင်းမှာ f1.7 ဖြစ်တာကြောင့် ယခင်ထက် အလင်းဝင်ရောက်နှုန်း ၂၀ ရာခိုင်နှုန်းအထိ ပိုမိုကောင်းမွန်စေမှာဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် ယခုနှစ် iPhone 15 Series ဖုန်းတွေက ကင်မရာပိုင်းကို သေချာအဆင့်မြှင့်တင်ထားမှာ သေချာနေပြီလို့ ပြောရမှာပါ။

Ref – Gizmo China