Apple ဟာ Samsung နဲ့ သူ့ရဲ့ OLED မျက်နှာပြင်တွေအပေါ် မှီခိုနေရတာကို လျှော့ချဖို့ ကြိုးစားနေတာ နှစ်အနည်းငယ်ရှိပါပြီ။ ဒါပေမယ့် Apple လိုအပ်တဲ့ အရည်အသွေးမြင့် မျက်နှာပြင် အမျိုးအစားတွေကို ထုတ်လုပ်ပေးနိုင်တဲ့ တခြား ကုမ္ပဏီတွေ မရှိပါဘူး။ Apple ဟာ BOE နဲ့ LG တို့ဆီကနေ မျက်နှာပြင် အနည်းငယ် ဝယ်ယူလေ့ရှိပါတယ်။ အခုထွက်လာတဲ့ သတင်းအရ နောက်နှစ်မှာ ပြောင်းလဲမှုတွေ ဖြစ်လာတော့မှာပါ။

လက်ရှိမှာ Pro မဟုတ်တဲ့ iPhone 13 မော်ဒယ် တချို့မှာပဲ BOE ရဲ့ OLED မျက်နှာပြင်တွေ အသုံးပြုထားတာ ဖြစ်ပါတယ်။ အခုတော့ တရုတ် ကုမ္ပဏီ BOE ဟာ OLED မျက်နှာပြင် ထုတ်လုပ်ရာမှာ အရည်အသွေး ပိုကောင်းလာပြီ ဖြစ်တဲ့အတွက် iPhone 15 Pro မော်ဒယ် ၂ လုံးအတွက် OLED မျက်နှာပြင် အမြောက်အများထုတ်လုပ်ပေးတော့မယ်လို့ သတင်းထွက်လာပါတယ်။ BOE ဟာ Double Stack Tandem တည်ဆောက်မှုပါတဲ့ အရည်အသွေးမြင့် LTPO OLED မျက်နှာပြင်တွေကို Apple အတွက် ထုတ်လုပ်ပေးမှာ ဖြစ်တဲ့အတွက် OLED ရဲ့ သက်တမ်းကို တိုးမြင့်စေမှာ ဖြစ်ပါတယ်။

Apple နဲ့ BOE က ဒီသတင်းကို အတည်ပြုပြောကြားထားတာ မရှိသေးပါဘူး။ ဒါပေမယ့် BOE ဟာ အရည်အသွေးမြင့် OLED မျက်နှာပြင်တွေ ထုတ်လုပ်နိုင်တဲ့ လမ်းကြောင်း အပေါ် ရောက်ရှိလာပြီလို့ ထင်ရပါတယ်။ BOE ဟာ Apple အတွက် မျက်နှာပြင်တွေ ၁၅ သန်းကနေ ၁၆ သန်းအထိ ရောင်းချပေးနိုင်ခဲ့ပြီ ဖြစ်တဲ့အတွက် iPhone 15 Pro မော်ဒယ်တွေအတွက် ဒီထက်ပိုရောင်းပေးနိုင်မှာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလတုန်းက ၂၀၂၃ ခုနှစ်မှာ ထွက်မယ့် iPhone 15 Pro နဲ့ Pro Max မှာ Physical SIM Card Slot တွေ မပါလာနိုင်ဘဲ ဆက်သွယ်မှုအတွက် eSIM Card ၂ ခု ထောက်ပံ့ထားမယ်လို့ သတင်းထွက်ခဲ့ပါတယ်။ ဒီသတင်းမှန်မယ်ဆိုရင်တောင် Apple ဟာ eSIM မရတဲ့ နိုင်ငံတွေအတွက် Physical SIM Card Slot ပါတဲ့ iPhone မော်ဒယ်တွေကို ဆက်လက်ထုတ်လုပ်ရောင်းချရမယ်လို့ ထင်ပါတယ်။

Ref : gsmarena