ရုရှားကို ပိတ်ပင်မှုတွေပြုလုပ်ကြတဲ့အခါ Cryptocurrency ကို အသုံးပြုပြီး ကျော်လွှားနိုင်မလားဆိုတဲ့ မေးခွန်းကို လူအတော်များများလည်း မေးနေကြမှာပါ။ Cryptocurrency ရောင်းဝယ်ရေးပလက်ဖောင်း Binance ရဲ့ တည်ထောင်သူကတော့ ကရင်မလင်အနေနဲ့ ဒီလိုအသုံးပြုပြီးကျော်လွှားနိုင်မှာမဟုတ်ဘူးလို့ ပယ်ချခဲ့ပါတယ်။

ပိတ်ဆို့မှုတွေနဲ့ကြုံတွေ့နေရတဲ့ ရုရှားအတွက် Crypto ဟာ သေးငယ်လွန်းနေတယ်လို့ Changpeng Zhao က အခိုင်အမာဆိုပါတယ်။ ဒါ့အပြင် Cryptocurrencies ဟာ ခြေရာခံနိုင်လွန်းတာကြောင့် ဘဏ်တွေကိုပဲ ပိုပြီးအာရုံစိုက်သင့်တယ်လို့ ဆိုပါတယ်။ ဒါတင်မကသေးဘဲ မီဒီယာတွေနဲ့ နိုင်ငံရေးသမားတွေဟာ သမားရိုးကျငွေချေးတာတွေနဲ့ သဘာဝဓာတ်ငွေ့ဈေးကွက်ကို အာရုံစိုက်သင့်ကြောင်းလည်း ထည့်သွင်းပြောဆိုသွားခဲ့ပါသေးတယ်။

“လက်ရှိမှာ မီဒီယာတွေနဲ့ နိုင်ငံရေးသမားတွေက ကြိုးပမ်းအားထုတ်မှုတွေအများကြီးလုပ်ပြီး Crypto နဲ့ ပိတ်ဆို့အရေးယူမှု တွေကို အာရုံစိုက်နေကြတယ်။” လို့ Zhao က ပြောပါတယ်။ “အမှန်က Crypto ဟာ ရုရှားအတွက် အရမ်းပဲသေးလွန်းပါတယ်။ ဒီနေ့ ကျွန်တော်တို့ဟာ Crypto adoption ကိုကြည့်မယ်ဆိုရင် ကမ္ဘာ့လူဦးရေရဲ့ ၃% လောက်ကပဲ Crypto နဲ့ ထိတွေ့မှုရှိတာပါ” လို့လည်း ပြောဆိုခဲ့ပါသေးတယ်။

Bitcoin လို ငွေကြေးတွေဟာ နိုင်ငံတကာဘဏ်စနစ်အပြင်ဘက်မှာရှိနေပြီး နယ်စပ်ဖြတ်ကျော်ငွေပေးငွေယူမှုကိုပြုလုပ်ဖို့ တခြားနည်းလမ်းတစ်ခုအနေနဲ့ ပေါ်ထွက်လာမှာကို စိုးရိမ်နေကြတာ ဖြစ်ပါတယ်။ အမေရိကန်ကလည်း ရုရှားရဲ့ Cryptocurrency ဈေးကွက်အပေါ် ပိတ်ဆို့အရေးယူမှုတွေချမှတ်ဖို့ စဉ်းစားနေကြောင်း Wall Street Journal ကလည်း ဖော်ပြခဲ့ဖူးပါတယ်။

Cryptocurrency အရောင်းအဝယ်တွေမှာ Blockchain ကို အသုံးပြုခြင်းကြောင့် Crypto ပိုင်ဆိုင်မှုတွေဟာ “တရားမဝင်တဲ့လှုပ်ရှားမှုတွေအတွက် ထိရောက်တဲ့အရာတစ်ခုမဟုတ်” ဘူးလို့ Zhao က ရှင်းပြခဲ့ပါတယ်။ Blockchain ဟာ Crypto အရောင်းအဝယ်တိုင်းကို စာရင်းသွင်းထားပြီး၊ ဘယ်သူကမဆို စိစစ်နိုင်တဲ့ ကွန်ပျူတာကွန်ရက်တစ်ခုက ထိန်းသိမ်းထားပေမဲ့ ဗဟိုချုပ်ကိုင်မှုဖြည်ထားတဲ့ ဒစ်ဂျစ်တယ်စာရင်းတစ်ခုပဲ ဖြစ်ပါတယ်။

Ref: The Guardian