COVID-19 သို့မဟုတ် ကိုရိုနာဗိုင်းရပ်စ်ပိုးရဲ့ အန္တရာယ်ဟာ အနောက်နိုင်ငံတွေကို တစ်နေ့တခြား ပိုချိန်းခြောက်လာတာကြောင့် အမေရိကန်နိုင်ငံမှာကျင်းပမယ့် ESL One Los Angeles Major ကို ကျင်းပခါနီးမှ ဖျက်သိမ်းလိုက်ရပါတယ်။

ESL One LA Major ဟာ ၂၀၁၉ – ၂၀ Dota 2 Season အတွက် တတိယမြောက် DPC Major ဖြစ်ပြီး အစကတော့ မတ်လ ၁၅ ရက်နေ့ကနေ ၂၂ ရက်နေ့ထိ ကျင်းပမလို့ဖြစ်ပါတယ်။ ဒါပေမယ့် ရှေ့ရက်တွေမှာလည်း COVID-19 ကို ကြိုတင်ကာကွယ်တဲ့အနေနဲ့ ပွဲကြည့်ပရိသတ်မပါဘဲ ကျင်းပဖို့ စီစဉ်ထားခဲ့ပါသေးတယ်။ အခုတော့ လုံးဝဖျက်သိမ်းလိုက်ရပါပြီ။

မတ်လ ၁၅ ရက်နေ့မှာ ကျင်းပဖို့ စီစဉ်နေတဲ့ ဒီပြိုင်ပွဲကို ပါဝင်ယှဉ်ပြိုင်မယ့် အသင်းတွေနဲ့ Caster အစရှိတဲ့ ပါဝင်ရမယ့်သူတွေအားလုံးကိုလည်း အကြောင်းကြားပြီးဖြစ်ကြောင်း Valve နဲ့ ESL အဖွဲ့အစည်းတွေက ထုတ်ပြန်ပေးခဲ့ပါတယ်။

အခုလို ရုတ်တရက်ဖျက်သိမ်းရတာဟာ အမေရိကန်အစိုးရက ဥရောပကနေ ဝင်ရောက်လာမယ့် ခရီးစဉ်တွေကို ပိတ်ပင်ဖျက်သိမ်းစေခဲ့တာကြောင့် ဖြစ်တယ်လို့လည်း ဆိုပါတယ်။ အရှေ့တောင်အာရှ SEA ဒေသက အသင်းတွေဟာ ပြိုင်ပွဲကျင်းပမယ့်နေရာကို ကြိုတင်ရောက်ရှိလေ့ကျင့်နေပြီဖြစ်ပေမယ့် Team Adroit ရဲ့အသင်းခေါင်းဆောင် Boomy တစ်ယောက် ဗီဇာမရရှိခဲ့ဘဲ Ninjaboogie က အစားထိုးဝင်ရောက်ပေးခဲ့ရပါတယ်။

မေဂျာပွဲတွေကနေ ရရှိတဲ့ DPC ပွိုင့်တွေကိုကြည့်ပြီး The International ကို ဝင်ရောက်ခွင့်ရတဲ့ Dota 2 အသင်းတွေအတွက်တော့ ဒါဟာ အိပ်မက်ဆိုးတစ်ခုပါပဲ။ ဒီမေဂျာပွဲကို အစားထိုးကျင်းပပေးမှာလား၊ အခုပါဝင်ခွင့်ရထားတဲ့ အသင်းတွေကိုရော ဘယ်လိုအစားထိုးပေးမှာလဲ ဆိုတာ မသိရသေးပါဘူး။

Ref – VP Esports