Apple iPhone တွေဟာ တန်ဖိုးကြီးမားသလို iPhone အဟောင်းတွေဟာလည်း မတန်တဆ ဈေးကောင်းရနေပါတယ်။ ပါကင် မဖောက်ရသေးတဲ့ ပထမမျိုးဆက် iPhone ကို ချစ်မြတ်နိုးတဲ့ Apple Fans တွေက ဈေးကောင်းကောင်းနဲ့ လေလံဆွဲကာ ဝယ်ယူခဲ့တဲ့ သတင်းတွေ အရင်ကလည်း ကြားခဲ့ရဖူးပါတယ်။ အခုလည်း ၂၀၀၇ ခုနှစ်ထုတ် ပါကင် မဖောက်ရသေးတဲ့ ပထမမျိုးဆက် iPhone ကို ဒေါ်လာ ၆၃,၃၅၆ (မြန်မာငွေ သိန်း ၁,၈၀၀ ဝန်းကျင်)နဲ့ လေလံတင် ရောင်းချနိုင်ခဲ့ပါတယ်။

The $63,000 iPhone in its original packaging

အဲဒီ ဖုန်းဟာ 8GB Apple iPhone ဖြစ်ပြီး ၂၀၀၇ ခုနှစ်မှာ ထုတ်လုပ်ခဲ့တာ ဖြစ်ပါတယ်။ လေလံပွဲကို ဖေဖော်ဝါရီလ ၂ ရက်က စတင်ခဲ့ပြီး ကြမ်းခင်းဈေးနှုန်းက ဒေါ်လာ ၂,၅၀၀ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ တစ်ပတ်အတွင်းမှာပဲ ဒေါ်လာ ၆၀,၀၀၀ အထိ ဈေးနှုန်းပေးခဲ့ကြပါတယ်။

The $63,000 iPhone in its original packaging

အဲဒီဖုန်းရဲ့ ဇာတ်လမ်းက စိတ်ဝင်စားစရာ ကောင်းပါတယ်။ ပိုင်ရှင် Karen Green ဟာ လွန်ခဲ့တဲ့ ၁၅ နှစ်ကျော်အကြာက အဲဒီ ဖုန်းကို သူမ သူငယ်ချင်းတွေထံက လက်ဆောင်ရခဲ့တာပါ။ အဲဒီအချိန်တုန်းက သူမဟာ Verizon Customer ဖြစ်ပြီး ဖုန်းဟာ AT&T ကွန်ရက်မှာပဲ အသုံးပြုလို့ရတဲ့အတွက် မသုံးဘဲ ၁၀ စုနှစ်တစ်ခုကြာ အိမ်မှာပဲ သိမ်းထားခဲ့တာပါ။

၂၀၁၉ ခုနှစ်မှာ အဲဒီ iPhone ရဲ့ တန်ကြေးဟာ ဒေါ်လာ ၅,၀၀၀ ရှိခဲ့တယ်လို့ သိရပြီး အခု ၂၀၂၃ ခုနှစ်မှာတော့ ဒေါ်လာ ၆၀,၀၀၀ ကျော်နဲ့ လေလံတင် ရောင်းချနိုင်ခဲ့ပါတယ်။ Karen Green ဟာ iPhone လေလံတင် ရောင်းချရတဲ့ ငွေတွေကို စီးပွားရေးလုပ်မယ်လို့ သိရပါတယ်။

Ref : gsmarena