Huawei ဟာ လက်ရှိအချိန်မှာ Flagship Series ဖုန်းတွေဖြစ်တဲ့ Huawei P60 Series ဖုန်းတွေအပြင် Foldable ဖုန်းအသစ်ဖြစ်တဲ့ Huawei Mate X3 ဖုန်းကိုပါ တရားဝင်မိတ်ဆက်ထားပြီးဖြစ်ပါတယ်။ အဆိုပါ ဖုန်းတွေဟာ Huawei ရဲ့ နောက်ဆုံးပေါ် Camera နည်းပညာအသစ်တွေအပြင် Design ပိုင်းကိုပါ သေချာအာရုံစိုက်ထားတယ်လို့ ဆိုနိုင်ပါတယ်။

အခုလည်း Huawei ကုမ္ပဏီရဲ့ CEO ဖြစ်တဲ့ Richard Yu ကနေ တရုတ်နိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ China EV100 Forum မှာ Apple နဲ့ နှိုင်းယှဥ်ပြီး ကြွားလုံးတစ်ခုပြောကြားခဲ့ပါသေးတယ်။ ဒါကတော့ Huawei စမတ်ဖုန်းတွေရဲ့ အရည်အသွေးပိုင်း ထိန်းသိမ်းနိုင်စွမ်းကို ကြွားလုံးထုတ်ခဲ့တာဖြစ်ပါတယ်။

Huawei က ထုတ်လုပ်တဲ့စမတ်ဖုန်းတွေဟာ Richard Yu က CEO အဖြစ် စတင်တာဝန်ယူတဲ့အချိန်တုန်းက ပျက်စီးနှုန်းဟာ Apple ထက် ပိုပြီး မြင့်မားခဲ့ပေမယ့် လက်ရှိအချိန်မှာတော့ ပြောင်းပြန်ဖြစ်သွားပြီဖြစ်ပါတယ်။ ဒါကြောင့် လက်ရှိ Huawei ကနေ ထုတ်လုပ်ထားတဲ့ စမတ်ဖုန်းတွေထက် Apple iPhone တွေက ပိုပြီး ပျက်စီးလွယ်တယ်ဆိုပြီး ပြောကြားခဲ့တာဖြစ်ပါတယ်။

ဒါကလည်း Huawei က အခုနှစ်နောက်ပိုင်းမှာ စမတ်ဖုန်းတွေရဲ့ Hardware ပိုင်း အရည်အသွေးအပြင် Software ပိုင်းမှာလည်း Bug တွေ၊ Error တွေမရှိအောင် ဆောင်ရွက်ခဲ့တာကြောင့်ဖြစ်တယ်လို့ သိရပါတယ်။ Software ပိုင်းမှာဆိုရင် ကိုယ်ပိုင် HarmonyOS ကိုလည်း ဆောင်ရွက်နေပြီး ပိုမိုချောမွေ့တဲ့ User Expereince ရရှိအောင် ဆောင်ရွက်နေတာဖြစ်ပါတယ်။

Apple iPhone တွေဟာ လက်ရှိအချိန်မှာ ရေရှည်အသုံးခံမှုကြောင့် အောင်မြင်တဲ့ စမတ်ဖုန်းတွေဖြစ်ပေမယ့် အခုလိုမျိုး Huawei က ကျော်တက်သွားတာက ကြီးမားတဲ့အောင်မြင်မှုတစ်ခုလို့ ဆိုရမှာပါ။

Ref – Gizmo China