တိုးတက်မှုမြန်ဆန်နေတဲ့ ဒီနေ့ခေတ်မှာ နောက်ကျမကျန်ခဲ့ဖို့ဆိုတာ အမြဲတမ်း တီထွင်ဆန်းသစ်နိုင်မှ ဖြစ်ပါလိမ့်မယ်။ ဒီလိုတီထွင်ဆန်းသစ်နိုင်ဖို့ဆိုတာကလည်း သုတေသနနဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေကို အာရုံမစိုက်ထားဘူးဆိုရင် ပစ်မှတ်မရှိတဲ့မြားက သွားချင်ရာသွားသလို ဖြစ်နေပါလိမ့်မယ်။

Huawei ကတော့ သုတေသနနဲ့ ဖွံ့ဖြိုးရေ:လုပ်ငန်းတွေမှာ အကြီးအကျယ်ရင်းနှီးမြှုပ်နှံခဲ့သလို ကုမ္ပဏီရဲ့ ကမ္ဘာ့ဈေးကွက်ကို ထိုးဖောက်ချဲ့ထွင်နိုင်မှုကလည်း တဟုန်ထိုး တိုးတက်နေတာကို တွေ့မြင်ရပါတယ်။ အခုလည်း တရုတ်အခြေစိုက်ကုမ္ပဏီဟာ တီထွင်ဆန်းသစ်မှုတွေပြုလုပ်ပြီး ကမ္ဘာ့ဉာဏပစ္စည်းမူပိုင်ခွင့်ဆိုင်ရာအဖွဲ့အစည်းဆီ မူပိုင်ခွင့်တွေ လျှောက်ထားနေတာကို တွေ့မြင်ရပါတယ်။

WIPO ကထုတ်ပြန်တဲ့ ၂၀၁၉ ဧပြီလအထိ အချက်အလက်တွေအရ Huawei ဟာ မူပိုင်ခွင့်ပေါင်း ၄၄၁၁ ခုကို လျှောက်ထားခဲ့တာကို တွေ့ရပါတယ်။ ဒီမူပိုင်ခွင့်တွေထဲမှာ 5G နဲ့ပတ်သက်တာတွေလည်း ပါဝင်နေပါတယ်။ ဂျာမနီရဲ့ မူပိုင်ခွင့်ဆိုင်ရာအချက်အလက်ကုမ္ပဏီဖြစ်တဲ့ IPlytics ရဲ့ဖော်ပြချက်အရ Huawei ဟာ 5G နဲ့ပတ်သက်ပြီး (SEPs) မရှိမဖြစ်စံနှုန်းဆိုင်ရာမူပိုင်ခွင့်ပေါင်း ၂၀၀၀ ကျော်နဲ့ စုစုပေါင်း ၃၁၄၅ မျိုးကို လျှောက်ထားခဲ့တယ်လို့ သိရပါတယ်။

Huawei ကတင်သွင်းထားတဲ့ 5G Standard Essential Patents (SEPs) တွေဟာ တစ်ကမ္ဘာလုံးဆိုင်ရာ စုစုပေါင်း တင်သွင်းမှုရဲ့ ၁၅.၀၅ ရာခိုင်နှုန်းအထိ ရှိနေပြီး ဒါဟာ 5G နယ်ပယ်မှာတော့ ကုမ္ပဏီတစ်ခုတည်းအနေနဲ့ အများဆုံးဖြစ်တယ်လို့လည်း သိရပါတယ်။ သူ့နောက်မှာတော့ Samsung, ZTE, LG, Nokia, Ericsson, Qualcomm နဲ့ Intel တို့က အစဉ်လိုက် ရှိနေကြပါတယ်။

Huawei နဲ့ ZTE ကို ပေါင်းလိုက်မယ်ဆိုရင် တစ်ကမ္ဘာလုံးဆိုင်ရာ စုစုပေါင်းတင်သွင်းမှုရဲ့ ၃၄.၀၂ ရာခိုင်နှုန်းကို တရုတ်ကုမ္ပဏီတွေက တင်သွင်းထားတယ်လို့ ဆိုနိုင်ပါတယ်။ ဒါပေမယ့် ဒီကုမ္ပဏီနှစ်ခုစလုံးက တင်သွင်းထားတဲ့ မူပိုင်ခွင့်တိုင်းကိုတော့ အတည်ပြုချက်ထုတ်ပေးရသေးတာမဟုတ်ပါဘူး။

Ref: Gizmochina