ပြီးခဲ့တဲ့ရက်သတ္တပတ်တုန်းက Apple ဟာ COVID-19 ကြောင့် ဆိုးဆိုးရွားရွားထိခိုက်ခြင်းမရှိဘူးလို့ ဖော်ပြခဲ့ဖူးပါတယ်။ တရုတ်နိုင်ငံတွင်းမှာရှိတဲ့ Apple Store တွေကို ပြန်ဖွင့်နေတဲ့ အမေရိကန်အခြေစိုက် ကုမ္ပဏီကြီးဟာ iPhone 9 ကိုလည်း မကြာခင်ရက်ပိုင်းအတွင်း စတင်ရောင်းချဖွယ်ရှိနေပါတယ်။

Apple အနေနဲ့ iPhone 9 ဟာ iPhone SE ကိုအမှတ်ရစေမယ်လို့ ဖော်ပြခဲ့ပေမယ့် Jingdong (JD.com) မှာတော့ iPhone 9 အနေနဲ့ အရောင်းစာရင်းတင်ထားတာကို တွေ့ရပါတယ်။ လက်ရှိအချိန်မှာတော့ အကြိုမှာယူမှုပဲ ပြုလုပ်နိုင်သေးတာဖြစ်ပေမယ့် အရောင်းဆိုင်တွေမှာတော့ မေလ ၁ ရက်နေ့ကနေ ၁၀ အကြားမှာ ကုန်ပစ္စည်းတွေ ရောက်ရှိပြီး ရောင်းချမယ်လို့ သိရပါတယ်။

JD မှာတော့ iPhone 9 နဲ့ပတ်သက်တဲ့ အချက်အလက်တွေကို ဖော်ပြထားခြင်းမရှိပါဘူး။ ဒါပေမယ့် iPhone 9 ဟာ ဈေးနှုန်းသက်သာတဲ့ အမျိုးအစားဖြစ်တာကြောင့် 5G ချိတ်ဆက်မှုကိုတော့ ထောက်ပံ့ပေးထားမှာမဟုတ်ဘူးလို့ ဆိုရမှာပါ။ ဟုတ်ပါတယ်။ Apple ရဲ့ 5G iPhone တွေက ထုံးစံအတိုင်း စက်တင်ဘာလလောက်မှ ဈေးကွက်ထဲ ရောက်ဖွယ်ရှိနေတာပါ။

ကနဦးသတင်းတွေမှာတော့ iPhone 9 ကို ဧပြီလ ၁၅ ရက်မှာ စတင်မိတ်ဆက်မှာဖြစ်ပြီး ဧပြီလ ၂၂ ရက်နေ့မှာ စတင်ရောင်းချမယ်လို့ ဖော်ပြခဲ့ကြတာ ဖြစ်ပါတယ်။ Apple က မကြေညာထားတဲ့ ထုတ်ကုန်တွေဆိုရင် အသေးစိတ်အချက်အလက်တွေ သိဖို့ခက်ခဲသလိုပဲ iPhone 9 ရဲ့ အသေးစိတ်အချက်အလက်ကလည်း တရားဝင်မသိရသေးဘဲ လျှို့ဝှက်ချက် ဖြစ်နေတုန်းပါပဲ။ ဖြန့်ချိမယ့်ရက်ကိုလည်း ကုမ္ပဏီက တရားဝင်ကြေညာထားခြင်း မရှိသေးပါဘူး။

Ref: Gizmochina