Apple ဟာ လက်ရှိအချိန်မှာ MacBook Pro တွေကို Model အများအပြားထုတ်လုပ်ရောင်းချနေတာဖြစ်ပါတယ်။ ဒါပေမယ့် ပုံမှန် အလုပ်လုပ်နေရတဲ့သူတွေနဲ့ ကျောင်းသားတွေအတွက် ရည်ရွယ်ပြီး ထုတ်လုပ်ထားတဲ့ MacBook Air ကတော့ 13-inch Model တစ်မျိုးပဲရှိနေတာဖြစ်ပါတယ်။

ဒါကလည်း MacBook Air ဟာ ပါးလွှာပြီး ပေါ့ပေါ့ပါးပါးအသုံးပြုချင်တဲ့သူတွေအတွက် အဓိကရည်ရွယ်ထားတာကြောင့်ဖြစ်ပါတယ်။ ဒါပေမယ့် အခုနောက်ဆုံးသိရတဲ့သတင်းတွေအရတော့ Apple ဟာ MacBook Air ကို နောက်ထပ် Model တစ်မျိုး မိတ်ဆက်သွားဦးမယ်လို့ ယူဆရပါတယ်။

အခုသတင်းကိုတော့ Bloomberg Media မှ Mark Gurman ကနေ ပြောကြားခဲ့တာဖြစ်ပြီး Apple ကနေ Screen Size ပိုကြီးတဲ့ MacBook Air 15-inch Version ကို မိတ်ဆက်လာနိုင်ခြေရှိတယ်ဆိုပြီး ပြောကြားခဲ့တာပါ။ ဒါပေမယ့်လည်း ယခုနှစ်အတွင်းမှာတော့ မိတ်ဆက်သွားမှာမဟုတ်သေးဘဲ လာမယ့် ၂၀၂၃ ခုနှစ်မှ မိတ်ဆက်သွားမယ်လို့ သိရပါတယ်။

သူ့ရဲ့ ပြောကြားချက်အရတော့ Apple ဟာ MacBook Air ကို အရွယ်အစားပိုကြီးမားတဲ့ Version အနေနဲ့ မိတ်ဆက်ဖို့ လွန်ခဲ့တဲ့နှစ်တွေထဲက စဥ်းစားနေခဲ့တာဖြစ်ပေမယ့် ပေါ့ပါးအောင် ရည်ရွယ်ခဲ့တာကြောင့် မမိတ်ဆက်ဖြစ်သေးတာဖြစ်တယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း ယခု ၂၀၂၂ ခုနှစ်အတွင်းမှာ MacBook Air ကို ဒီဇိုင်းပိုင်း လုံးဝပြောင်းလဲဖို့ရှိတာကြောင့် Screen Size ပိုကြီးမားတဲ့ 15-inch Version ကိုပါ ထုတ်လုပ်သွားဖို့ စီစဥ်နေတာဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် MacBook Air ဟာ ယခုနှစ်အတွင်းမှာ Apple ရဲ့ ကိုယ်ပိုင် M2 Chip အသစ်အပြင် Design ပိုင်းပါ လုံးဝပြောင်းလဲပြီး အဆင့်မြှင့်တင်မှုတွေကို ရရှိတော့မှာဖြစ်ပါတယ်။

Ref – Mac Rumors