တောင်ကိုရီးယားမှာတော့ လူကြိုက်အများဆုံး Esports အမျိုးအစားက Dota 2 မဟုတ်ဘဲ League of Legends ဖြစ်ပါတယ်။ တောင်ကိုရီးယား LOL ကစားသမားတွေထဲက နာမည်ကျော် Gen. G အသင်းရဲ့ Midlane ကစားသမား “BDD” ကတော့ အမိမြေမှာ ရုတ်တရက်ကြုံတွေ့လာရတဲ့ ကိုရိုနာဗိုင်းရပ်စ် COVID-19 ကို တိုက်ဖျက်ရေးအတွက် ကိုရီးယားဝမ် ၅ သန်း (မြန်မာငွေသိန်းခြောက်ဆယ်နီးပါး) လှူဒါန်းလိုက်ပါတယ်။

အမည်ရင်း Gwak Bo-seong လို့ခေါ်တဲ့ BDD ဟာ မတ်လ ၁ ရက်နေ့မှာကျရောက်မယ့် သူ့ရဲ့အသက် ၂၁ နှစ်ပြည့် မွေးနေ့အမှတ်တရအဖြစ် အခုလို လှူဒါန်းခဲ့တာဖြစ်သလို LOL ပရိုတစ်ယောက်အဖြစ် ပွဲထွက်ခဲ့တာ လေးနှစ်မြောက် အထိမ်းအမှတ်အနေနဲ့လည်း အဓိပ္ပါယ်ရှိရှိ ပြုမူခဲ့တာဖြစ်ပါတယ်။

“ကျွန်တော့်ရဲ့ ပရိသတ်တွေက အပြင်မှာ မွေးနေ့သီချင်းဆိုပြတာကို မကြားရတော့မယ့် အချက်ကြောင့် စိတ်မကောင်းဖြစ်နေပေမယ့်လည်း သူတို့ဂုဏ်ယူရတဲ့ ကစားသမားအဖြစ်တော့ ဆက်ရှိနေချင်ပါသေးတယ်။ ဒါ့ကြောင့် ဘေးကင်းအောင် နေကြပါ၊ အားပေးမှုတွေအတွက် အားလုံးကို ကျေးဇူးတင်ပါတယ်” လို့ BDD က သူ့ပရိသတ်တွေကို ပြောခဲ့ပါတယ်။

သူ့ရဲ့လှူဒါန်းမှုဟာ ကိုရိုနာဗိုင်းရပ်စ် အလျှင်အမြန်ပျံ့ပွားမှုနဲ့ ရင်ဆိုင်နေရတဲ့ တောင်ကိုရီးယားနိုင်ငံသားတွေအတွက် တကယ်အထောက်အကူဖြစ်မှာပါ။ တောင်ကိုရီးယားမှာလည်း COVID-19 ကူးစက်ခံရမှု အကြိမ်ရေ ၁၆၀၀ ကျော် တွေ့ရှိထားပြီး စိုးရိမ်ရတဲ့ အခြေအနေကို ရောက်လာတဲ့အတွက် LAN ဂိမ်းပြိုင်ပွဲတွေလို လူစုလူဝေးနဲ့ ကျင်းပရတဲ့ Esports ပွဲတွေကို မြင်တွေ့ရဦးမှာ မဟုတ်ပါဘူး။

Ref – ONE Esports