Facebook ​၊​ Instagram အပြင် WhatsApp ကိုပါ ပိုင်ဆိုင်ထားတဲ့ Meta ကုမ္ပဏီဟာ အခုအချိန်မှာ Metaverse ကိုပဲ ပိုမိုအာရုံစိုက်နေပြီဖြစ်ပါတယ်။ ဒီအတွက် တခြားသော Facebook ၊ Instagram လိုမျိုး Social Media တွေမှာလည်း ပုံမှန်ထက် Cryptocurrency ကိုထောက်ပံ့ပေးမှုတွေ ပိုမိုများပြားလာပြီဖြစ်ပါတယ်။

ပြီးခဲ့တဲ့လပိုင်းတုန်းကလည်း Meta ကနေ Facebook နဲ့ Instagram Account တွေမှာ ကိုယ်ပိုင်ဆိုင်တဲ့ NFT တွေကို ဖော်ပြခွင့်ပေးခဲ့သလို Instagram မှာဆိုရင်လည်း ကိုယ်ကြိုက်နှစ်သက်တဲ့ NFT တွေကို Feed မှာ ပြန်လည်မျှဝေဖော်ပြခွင့်ပေးခဲ့ပါတယ်။ အခုလည်း Instagram အတွက် နောက်ထပ် NFT နဲ့ ပတ်သက်တဲ့ Feature တစ်ခုကို ကြေညာလိုက်ပြီဖြစ်ပါတယ်။

ဒါကတော့ Instagram ပေါ်မှာ Creator တွေအနေနဲ့ ကိုယ်ပိုင်ဆိုင်တဲ့ NFT တွေ၊ Digital Collectibles တွေကို တိုက်ရိုက်ရောင်းချနိုင်တော့မှာပဲဖြစ်ပါတယ်။ ဒါကြောင့် NFT Artist တွေရဲ့ Instagram Account ကို Follow ထားတဲ့သူတွေ၊ Fan တွေအနေနဲ့ တခြားသော NFT Market တွေကို သွားရောက်စရာမလိုအပ်ဘဲ တိုက်ရိုက်ဝယ်ယူနိုင်မှာဖြစ်ပါတယ်။

Instagram ရဲ့ ပြောကြားချက်အရတော့ အခုလိုမျိုး NFT တွေကို တိုက်ရိုက်ရောင်းချနိုင်ဖို့အတွက် “End-to-End Toolkit” ကို ထောက်ပံ့ပေးထားမယ်လို့ သိရပါတယ်။ လောလောဆယ်မှာ လာမယ့် ၂၀၂၄ ခုနှစ်အထိ NFT ရောင်းချရငွေတွေဆီကနေ ငွေကြေးကောက်ခံမှုပြုလုပ်သွားမှာမဟုတ်ပေမယ့် နောက်ပိုင်းမှာတော့ Creator တွေကိုယ်တိုင်ကနေ Instagram ကို ပေးရမယ့် Commision Rate ကို ၅ ရာခိုင်နှုန်းကနေ ၂၅ ရာခိုင်နှုန်းအတွင်း သတ်မှတ်နိုင်မှာဖြစ်ပါတယ်။ လောလောဆယ်မှာ Instagram ကနေ ငွေကြေးကောက်ခံခြင်းမရှိသေးပေမယ့် Apple Device တွေကနေတစ်ဆင့်ဝယ်ယူမယ်ဆိုရင် App Store Policy ကြောင့် Apple က ၃၀ ရာခိုင်နှုန်းရရှိမှာဖြစ်ပါတယ်။

အခုအချိန်မှာတော့ အခုလိုမျိုး NFT တွေကို တိုက်ရိုက်ရောင်းချနိုင်မယ့် Toolkit ကို US နိုင်ငံအတွင်းမှာရှိတဲ့ Creator တွေအချို့ပဲ စမ်းသပ်အသုံးပြုနိုင်ဦးမှာဖြစ်ပြီး မကြာခင်မှာ လူတိုင်းအသုံးပြုနိုင်အောင် ထုတ်ပေးသွားမယ်လို့ သိရပါတယ်။

Ref – Engadget