Minecraft ဟာ လက်ရှိအချိန်အထိ လူကြိုက်များပြီး အောင်မြင်နေတဲ့ဂိမ်းတစ်ခုဖြစ်ပါတယ်။ အခုနောက်ပိုင်းမှာ ဂိမ်းတော်တော်များများက ဂိမ်းအတွင်းမှာ Non-fungible Token လို့ အမည်ရတဲ့ NFT တွေနဲ့ ပေါင်းစပ်ပြီး ထုတ်လုပ်နေကြတာဖြစ်ပါတယ်။

ဒါပေမယ့်လည်း Minecraft ရဲ့ Developer ဖြစ်တဲ့ Mojang Studio ကတော့ အခုလိုမျိုး ဂိမ်းတွေမှာ NFT တွေနဲ့ ပူးပေါင်းမှုပြုလုပ်တာကို လုံးဝမကြိုက်တဲ့ပုံစံပါပဲ။ ဘာကြောင့်လဲဆိုရင် Mojang Studio ကနေ Minecraft ဂိမ်းမှာ NFT တွေ ပါဝင်လာမှုကို ဘယ်တော့မှ ထောက်ပံ့သွားမှာမဟုတ်သလို ခွင့်ပြုသွားမှာမဟုတ်ဘူးဆိုပြီး တရားဝင်ထုတ်ပြန်လိုက်တာကြောင့်ဖြစ်ပါတယ်။

Mojang Studio ရဲ့ ထုတ်ပြန်ချက်မှာတော့ အခုလိုမျိုး NFT တွေကို ငြင်းပယ်ထားတာဟာ ဆော့ကစားသူတွေကို လုံခြုံပြီး Inclusive Experience တစ်ခုကို ရရှိစေချင်တဲ့အတွက် ဖြစ်တယ်လို့ သိရပါတယ်။ အဲ့ဒီအတွက် NFT လိုမျိုး Blockchain နည်းပညာပိုင်းနှင့် သက်ဆိုင်တဲ့အရာတွေအားလုံးဟာ Client နဲ့ Server Application တွေမှာ လုံးဝခွင့်ပြုသွားမှာမဟုတ်ဘူးလို့ ဖော်ပြထားပါတယ်။

ဒါကြောင့် Minecraft ဂိမ်းထဲက In-game Content တွေဖြစ်တဲ့ Worlds ၊ Skins ၊ Personal Item တွေအပြင် တခြားသော Mods တွေကို Blockchain နည်းပညာအသုံးပြုပြီး NFT လိုမျိုး Digital Asset တွေပြောင်းလဲအသုံးချမှုမျိုးတွေကို လုံးဝပိတ်ပင်တားဆီးသွားမှာဖြစ်ပါတယ်။

လက်ရှိအချိန်မှာ NFT စျေးကွက်ဟာလည်း ယခင်ကနဲ့ နှိုင်းယှဥ်မယ်ဆိုရင် ကျဆင်းနေပြီးတော့ Valve ၊ Ubisoft နဲ့ တချို့သော ဂိမ်းကုမ္ပဏီတွေကလည်း NFT တွေကို ဆော့ကစားသူတွေက ကြိုက်နှစ်သက်ခြင်းမရှိတာကြောင့် ပြန်လည်ရုတ်သိမ်းနေရတာဖြစ်ပါတယ်။

Ref – The Verge