Samsung ရဲ့ ယူကေမှာတင်သွင်းထားတဲ့ မူပိုင်ခွင့်အရ တောင်ကိုရီးယား ကုမ္ပဏီကြီးရဲ့ အနာဂတ် စမတ်ဖုန်းတွေမှာ ပါဝင်လာမယ့် တိုးတက်မှုအချို့ကို တစ်စွန်းတစ်စ မြင်တွေ့လိုက်ရပါတယ်။ Samsung ဟာ 108MP ဆင်ဆာအပါအဝင် ကုမ္ပဏီရဲ့ ကင်မရာပိုင်းဆိုင်ရာ တိုးတက်မှုတွေကို မကြာခင်ကပဲ သက်သေပြခဲ့ပြီး ဖြစ်ပါတယ်။

ကောလာဟလသတင်းတွေကလည်း 10X optical zoom စနစ်ဟာ လာမယ့် Galaxy S20 စီးရီးမှာ ပါဝင်လာမယ်လို့ ဖော်ပြနေကြပါတယ်။ Samsung ဟာ သိပ်မကြာခင်တုန်းကလည်း “Super ISO” ကို မူပိုင်ခွင့်တင်ခဲ့ပါသေးတယ်။ ဒီမူပိုင်ခွင့်ဟာ ပုံရိပ်နည်းပညာနဲ့သက်ဆိုင်တဲ့အပိုင်းမှာပါဝင်တယ်လို့လည်း LetsGoDigital က ရေးသားဖော်ပြခဲ့ဖူးပါတယ်။

Samsung ကတင်ထားတဲ့ မူပိုင်ခွင့်နည်းပညာနဲ့ပတ်သက်ပြီး ရှင်းရှင်းလင်းလင်း မသိရသေးပေမယ့် ဒါဟာ အလင်းရောင်အားနည်းချိန်ရိုက်တဲ့ ဓါတ်ပုံတွေအတွက် Exposure (အလင်းထိတွေ့ကျရောက်မှု) တိုးမြှင့်ပေးမယ့် နည်းပညာလို့ ခန့်မှန်းရပါတယ်။ ဒီနည်းပညာဟာ S20 မှာလည်း ပါဝင်လာဖွယ်ရှိနေတာပါ။

ISO ဟာ ပုံရိပ်အာရုံခံကိရိယာအတွက် အလင်းတုံ့ပြန်နိုင်မှုကို ရည်ညွှန်းခေါ်ဆိုတာ ဖြစ်ပါတယ်။ ISO နံပါတ် မြင့်မားလေလေ ဓါတ်ပုံမှာ ပိုပြီးတောက်ပတဲ့ အသေးစိတ်အချက်အလက်တွေ ရရှိလေဖြစ်ပါတယ်။ Note 10 နဲ့ S10 မိသားစုတွေမှာ ISO ဟာ 3200 အထိပဲ ရှိခဲ့ပါတယ်။ ဒါပေမယ့် S20 မှာတော့ ISO 6400 နဲ့အထက် ဖြစ်လာနိုင်ပါတယ်။

စမတ်ဖုန်းနဲ့ ဓါတ်ပုံရိုက်ကူးရင် အလင်းနည်းတဲ့အခြေအနေတွေမှာ ISO မြင့်မားတိုင်း ပုံကောင်းထွက်တာတော့မဟုတ်ပါဘူး။ Noise တွေကတော့ ရှိနေတုန်းပါပဲ။ ဒီအတွက် အခြားလိုအပ်ချက်တွေလည်း ရှိနေသေးတာကြောင့် ကုမ္ပဏီတွေကတော့ Noise reduction software တွေပိုကောင်းလာဖို့လည်း အားထုတ်နေကြရတာပါ။

Ref: Gizmochina