အခုနောက်ပိုင်းမှာ မော်တော်ကားထုတ်လုပ်တဲ့ကုမ္ပဏီကြီးတွေက ပုံမှန် အင်ဂျင်ပါတဲ့ကားတွေအစား လျှပ်စစ်မော်တာအသုံးပြုထားတဲ့ ကားတွေကိုပဲ ပြောင်းလဲထုတ်လုပ်လာကြပြီဖြစ်ပါတယ်။ ဒါက စက်သုံးဆီစားသုံးမှုကို လျော့နည်းစေသလို သဘာဝပတ်ဝန်းကျင်အတွက်လည်း ပိုပြီး ထိန်းသိမ်းပေးနိုင်မှာဖြစ်ပါတယ်။

ဒီလိုမျိုး မော်တော်ကားကုမ္ပဏီတွေက လျှပ်စစ်ကားတွေကို ပိုမိုထုတ်လုပ်လာသလို အစိုးရတွေကလည်း လျှပ်စစ်ကားတွေကို အခွန်လျော့ပေးတာ၊ ကိုယ်တိုင်အသုံးပြုတာမျိုးတွေနဲ့ အားပေးနေတာဖြစ်ပါတယ်။ အခုလည်း US ၊ New York မြို့က Ford ကုမ္ပဏီကနေ ထုတ်လုပ်ထားတဲ့ Mustang Mach-E လျှပ်စစ်ကား ၁၈၄ စီးကို ရဲလုပ်ငန်းနဲ့ အရေးပေါ်လုပ်သားတွေအသုံးပြုဖို့အတွက် မှာယူပေးခဲ့ပါတယ်။

အဆိုပါ Mustang Mach-E ကားတွေကို လာမယ့် ဇွန်လ ၂၀၂၂ မတိုင်ခင်အမှီ အပ်နှံရမှာဖြစ်ပြီး အခုလို လျှပ်စစ်ကားတွေဝယ်ယူမှုဟာ ၅ နှစ်သက်တမ်းကြာမြင့်ပြီး ဒေါ်လာ ၁၁.၅ သန်းတန်ဖိုးရှိတဲ့ စာချူပ်ချူပ်ဆိုထားခဲ့တာဖြစ်ပါတယ်။ New York တစ်မြို့တည်းမှာတင် လာမယ့် ၂၀၂၂ ခုနှစ်မှာ လျှပ်စစ်ကားပေါင်း ၁,၂၅၀ ခန့်ဝယ်ယူဖို့ စီစဥ်ထားတာဖြစ်ပြီး ၂၀၃၅ ခုနှစ်မှာ ရဲနဲ့သက်ဆိုင်တဲ့ကားတွေအကုန်လုံးကို လျှပ်စစ်ကားအနေနဲ့ ပြောင်းလဲသွားမှာဖြစ်ပါတယ်။

အခု Ford Mustang Mach-E ကားတွေဟာလည်း ပုံမှန်ထုတ်လုပ်ရောင်းချနေတဲ့ကားတွေထက် ပိုပြီး Maintenance ပိုင်း၊ မီးလုံးနဲ့ Siren တွေ၊ Charging ပိုင်းနဲ့ တခြားသော Operation ပိုင်းမှာ လိုအပ်သမျှကို စစ်ဆေးသွားဦးမှာဖြစ်တယ်လို့သိရပါတယ်။ ဘာပဲဖြစ်ဖြစ် အခုလိုမျိုး လျှပ်စစ်ကားတွေကိုပြောင်းလဲလိုက်တာက တဖြည်းဖြည်းနဲ့ လေထုညစ်ညမ်းမှုမရှိဘဲ သဘာဝပတ်ဝန်းကျင်ကောင်းမွန်တဲ့ မြို့ဖြစ်လာစေမယ်လို့ New York မြို့တော်ဝန်ရုံးမှ ရာသီဥတုပိုင်းဆိုင်ရာ တာဝန်ရှိသူဖြစ်တဲ့ Ben Furnas က ပြောကြားခဲ့ပါတယ်။

Ref – The Verge