အခုတလောမှာ အနောက်တိုင်း Dota 2 အသင်းကြီးတွေရဲ့ ပွဲဆက်ကျဲနေတာကြောင့် Dota 2 ပရိသတ်တွေအနေနဲ့ အားပေးစရာ ရှားပါးနေပါတယ်။ ဒါပေမယ့် Epic Esports Events နဲ့ WePlay! Esports တို့က ဒီအခြေအနေကို ပြောင်းလဲပေးမယ့် Omega League အွန်လိုင်းပြိုင်ပွဲကို ယနေ့မှာ ကြေညာလိုက်ပါတယ်။

Omega League Dota 2 ပြိုင်ပွဲဟာ ဥရောပနဲ့ မြောက်အမေရိက ဒေသနှစ်ခုမှ အသင်းကြီးတွေကို ဩဂုတ် ၁ ရက်နေ့ကနေ စတင်ဖိတ်ခေါ်ယှဉ်ပြိုင်စေမှာဖြစ်ပြီး စုစုပေါင်း ဆုကြေးငွေ ဒေါ်လာ ၅ သိန်းခွဲထိ ချီးမြှင့်သွားမှာပါ။ ဒီပြိုင်ပွဲမှာ Division လေးခုပါဝင်မှာဖြစ်ပြီး ဥရောပနဲ့ မြောက်အမေရိကန်ဒေသတစ်ခုကို Division နှစ်ခုစီ ခွဲပြီး ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

Immortal Division လို့ခေါ်တဲ့ အထက်လိဂ်ပြိုင်ပွဲကို OG, Nigma, Liquid, Alliance, Na’Vi, VP, FlyToMoon, NiP, EG, Team Secret အစရှိတဲ့ အသင်းကြီးဆယ်သင်းကို တိုက်ရိုက်ဖိတ်ခေါ်ထားပြီး Closed Qualifier ကနေလည်း နောက်ထပ်နှစ်သင်းထပ်တက်လာဦးမှာ ဖြစ်ပါတယ်။

ထူးခြားချက်အနေနဲ့ မြောက်အမေရိကအခြေစိုက်အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Ti5 ချန်ပီယံ EG အသင်းဟာ Omega League ကို ဥရောပ Division ကနေ ဝင်ပြိုင်မှာဖြစ်ပါတယ်။ ဆုကြေးငွေခွဲဝေမှုက အကြောင်းရင်းတစ်ခုဖြစ်မယ်လို့ ယူဆရပြီး ဥရောပမှာ Immortal Division အတွက် ဆုကြေးငွေစုစုပေါင်း ဒေါ်လာငါးသိန်းထိ သုံးစွဲသွားမှာဖြစ်ပါတယ်။ မြောက်အမေရိက ထက်စာရင် ဥရောပဟာ ပြိုင်ဆိုင်မှု ပိုပြင်းထန်တာကြောင့် ရှားရှားပါးပါး ထိပ်သီးအသင်းအဖြစ် နှစ်ပေါင်းများစွာ ရပ်တည်လာတဲ့ EG အနေနဲ့လည်း ဥရောပလိဂ်မှာ ဝင်ပြိုင်တာက ဆုကြေးငွေသာမက ပိုကောင်းတဲ့ ပြိုင်ဘက်တွေနဲ့ တွေ့ဆုံရမှာလည်း အမှန်ပါပဲ။

Omega League ပြိုင်ပွဲကို ဩဂုတ်လ ၁ ရက်နေ့မှာ စတင်မယ်ဆိုပေမယ့် Open Qualifier တွေကိုတော့ ဇူလိုင် ၂၀ ရက်နေ့တည်းက စတင်မှာဖြစ်ပြီး ဩဂုတ်လ ၁ ရက်နေ့မှာ Closed Qualifier နဲ့ ၁၀ ရက်နေ့မှာ အုပ်စုပွဲစဉ်တွေကို စတင်ယှဉ်ပြိုင်ကစားစေမှာဖြစ်တာကြောင့် ပွဲငတ်နေတဲ့ ပရိသတ်တွေအတွက်လည်း သိပ်စောင့်ရမှာမဟုတ်ပါဘူး။

ဒီပြိုင်ပွဲဖြစ်မြောက်လာဖို့အတွက် Esports အဖွဲ့အစည်းတွေက စုစည်းပါဝင်ခဲ့ကြတာဖြစ်ပြီး အခြားနာမည်ကြီး Esports ဂိမ်းဖြစ်တဲ့ CS:GO မှာလို Team Owned Leagues တွေ ကျင်းပတဲ့စနစ်အား လက်ခံကျင့်သုံးလာတာ ဖြစ်ပါတယ်။ ကိုဗစ်ရောဂါကြောင့် မူလစီစဉ်ထားတဲ့ ပြိုင်ပွဲတွေ ပျက်ကုန်တဲ့နောက်မှာ Valve ဟာ DPC စနစ်ကို ပြန်လည်အသက်သွင်းဖို့ အင်မတန်နှောင့်နှေးနေပြီး Ti10 ကို နောက်နှစ်မှာကျင်းပမယ့်အကြောင်းနဲ့ Ti11 ကို ၂၀၂၂ မှ ကျင်းပမယ် ဆိုတဲ့ သတင်းတွေကိုသာ ကြားခဲ့ရပါတယ်။ ဒါ့ကြောင့် Dota 2 အပါအဝင် Esports ဂိမ်းတွေကို ချစ်မြတ်နိုးတဲ့ အဖွဲ့အစည်းတွေဟာ Valve ရဲ့ တုံ့ပြန်မှုကို စောင့်ဆိုင်းမနေတော့ဘဲ DPC Point မရလည်း အွန်လိုင်းပြိုင်ပွဲတွေကို ဆက်လက်ကျင်းပနေကြတာပါ။

Ref – AFKGaming