လက်ရှိအချိန်မှာ စမတ်ဖုန်းကုမ္ပဏီတွေ၊ အထူးသဖြင့် Android စမတ်ဖုန်းကုမ္ပဏီတွေဟာ Foldable ဖုန်းတွေကို ဆက်တိုက်ကို အပြိုင်အဆိုင်ထုတ်လုပ်နေကြတာဖြစ်ပါတယ်။ မကြာခင်အချိန်အတွင်းမှာလည်း Huawei နဲ့ vivo တို့က သူတို့ရဲ့ Foldable ဖုန်းအသစ်တွေကို မိတ်ဆက်သွားမယ်လို့ သတင်းတွေထွက်ရှိနေတာဖြစ်ပါတယ်။

အခုလည်း နောက်ထပ် Android စမတ်ဖုန်းကုမ္ပဏီတစ်ခုဖြစ်တဲ့ OnePlus ကလည်း Foldable ဖုန်းအသစ်ကို မိတ်ဆက်ဖို့စီစဥ်နေတယ်လို့ သိရပါတယ်။ ယခုသတင်းကိုတော့ Tipster တစ်ဦးဖြစ်တဲ့ Yogesh Brar ကနေ ဖော်ပြခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း အဆိုပါ ဖော်ပြချက်အရ OnePlus ကနေ Foldable ဖုန်းအသစ်ကို မိတ်ဆက်ဖို့စီစဥ်နေတယ်ဆိုတာကိုပဲ သိရှိရပြီး ဘယ်လိုမျိုး Foldable ဖုန်းဖြစ်လာမလဲဆိုတာကိုတော့ အသေးစိတ်သိရှိရခြင်းမရှိပါဘူး။ Tipster ရဲ့ ပြောကြားချက်အရတော့ OnePlus Foldable ဖုန်းဟာ စျေးကွက်အတွင်းကို မိတ်ဆက်ထားပြီးဖြစ်တဲ့ OPPO Find N နဲ့ တော်တော်များများတူညီမယ်လို့ သိရပါတယ်။

ဒါကြောင့် OnePlus ဟာ မိခင်ကုမ္ပဏီ BBK လက်အောက်က OPPO ကနေ ထုတ်လုပ်ထားတဲ့ Find N ဖုန်းကိုပဲ နာမည်နဲ့ ဒီဇိုင်းအနည်းငယ်ပြောင်းလဲပြီး မိတ်ဆက်လာနိုင်ခြေများနေပါတယ်။ ဒါကြောင့် 7.1″ Foldable AMOLED LTPO Display ကိုမှ Full HD+ Resolution နဲ့ 120Hz Refresh Rate တွေပါဝင်မှာဖြစ်ပါတယ်။ အပြင်ဘက် Display ကလည်း 5.49″ AMOLED Display ပါဝင်မှာဖြစ်ပါတယ်။ Software ပိုင်းအနေနဲ့ကတော့ Android 12 ကို အခြေခံထားတဲ့ ColorOS 12 ကိုပဲ အသုံးပြုလာနိုင်ခြေများနေပါတယ်။

OnePlus Foldable ဖုန်းဟာ Back Camera အနေနဲ့ 50MP Primary + 13MP Telephoto + 16MP Ultrawide Sensor တွေပါဝင်တဲ့ Triple Camera Setup ကိုအသုံးပြုထားမှာဖြစ်ပြီး အတွင်းဘက် Foldable Display နဲ့ အပြင်ဘက် Display တွေမှာ 32MP Selfie Sensor တစ်ခုစီပါဝင်ဦးမှာဖြစ်ပါတယ်။

OPPO Find N Foldable ဖုန်းဟာ Qualcomm Snapdragon 888 Chipset ကို အသုံးပြုထားတာဖြစ်တဲ့အတွက် OnePlus ရဲ့ Foldable ဖုန်းက ဘယ်လိုမျိုး Performance ရှိမလဲဆိုတာကိုတော့ ဆက်လက်စောင့်ကြည့်ရမှာပါ။

Ref – Gizmo China