OnePlus Nord ရဲ့သတင်းတွေကတော့ ဇူလိုင်လဆန်းကတည်းက အတော်များများ ထွက်ပေါ်ခဲ့ပြီးဖြစ်သလို OnePlus Fan တွေရဲ့ စိတ်ဝင်စားမှုကိုလည်း ရယူနိုင်ခဲ့ပြီး ဖြစ်ပါတယ်။ တရားဝင်ကြေညာသေးတာမဟုတ်ပေမယ့် တရားဝင်ရင်းမြစ်နဲ့ ပေါက်ကြားသတင်းတွေကြောင့် ဒီဇိုင်းပိုင်းနဲ့ Hardware ပိုင်း ရွေးချယ်စရာတွေကိုလည်း သိခဲ့ရပြီး ဖြစ်ပါတယ်။

ဒါပေမယ့် OnePlus Nord နဲ့ပတ်သက်ပြီး အားလုံးသိနေကြတာတော့မဟုတ်ပါဘူး။ အနည်းငယ် ရှုပ်ထွေးနေတဲ့ အပိုင်းလေးတွေလည်း ကျန်နေပါသေးတယ်။ အဲဒါက အစောပိုင်း Geekbench မှာ တွေ့ခဲ့ရတာနဲ့ အနည်းငယ်ကွာခြားနေတဲ့ အချက်လေးတွေပါ။ BE2028 OnePlus ဟန်းဆက်ဟာ Motherboard ပိုင်းမတူညီတာ၊ RAM ပိုင်းလျော့နည်းတာ CPU clocked က တရားဝင်အတည်ပြုထားတဲ့ Snapdragon 765G chipset ထက် နိမ့်နေတာမျိုးပါ။

ဒီလိုကွဲပြားမှုတွေကြောင့် အချို့ကလည်း အိန္ဒိယဈေးကွက်မှာ Nord ကို ခပ်နိမ့်နိမ့် Hardware နဲ့ ဖြန့်ချိနိုင်တယ်လို့ ကောက်ချက်ချကြပါတယ်။ အထူးသဖြင့် Snapdragon 690 လို Chipset မျိုးနဲ့ ဖြန့်ချိမယ်လို့ သတင်းထွက်တာမျိုးပါ။ ဒါပေမယ့် အခုနောက်ဆုံးထွက်လာတဲ့သတင်းအရတော့ အိန္ဒိယဈေးကွက်မှာလည်း အခြားနိုင်ငံတကာဈေးကွက်မှာဖြန့်ချိသလိုပဲ Snapdragon 765G နဲ့ပဲ ဖြန့်ချိမှာဖြစ်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ Geekbench listing သုံးခုမှာ OnePlus AC2001 ဟာ Snapdragon 765G အတွက် မျှော်လင့်ထားတဲ့ စွမ်းဆောင်ရည်တွေနဲ့ ကိုက်ညီနေသလို၊ CPU frequency 1.8GHz နဲ့ 12GB of RAM စတာတွေနဲ့လည်း ကိုက်ညီနေတာကို တွေ့ရပါတယ်။ AC2001 မော်ဒယ်နံပါတ်ကို အိန္ဒိယနိုင်ငံရဲ့ BIS (Bureau of Indian Standards) ဝက်ဘ်ဆိုက်မှာလည်း တွေ့မြင်ရပြီ ဖြစ်ပါတယ်။

OnePlus Nord ဟာ 90Hz AMOLED panel နဲ့ဖြစ်ပြီး 180Hz touch sampling rate ဖြစ်ပါတယ်။ ဒါ့အပြင် f/1.75 နဲ့ 48MP Sony IMX586 အဓိကကင်မရာ ပါဝင်မှာဖြစ်ပြီး 8MP ultrawide, 5MP depth နဲ့ macro ကင်မရာ တစ်လုံးလည်း ပါဝင်ဦးမှာ ဖြစ်ပါတယ်။ အရှေ့ဘက်မှာတော့ 32MP Selfie ကင်မရာကို 105 degree ultrawide ကင်မရာက ထောက်ကူပေးထားဦးမှာ ဖြစ်ပါတယ်။

ဘက်ထရီပမာဏကတော့ 4,115mAh ပမာဏဖြစ်ပြီး 30W အမြန်အားသွင်းစနစ်လည်း ထောက်ပံ့ပေးထားဦးမှာပါ။ အရောင်အားဖြင့် Blue Marble, Gray Onyx နဲ့ Gray Ash တို့ရရှိမယ်လို့ သိရပါတယ်။

Ref: GSMArena