ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက ပြုလုပ်ခဲ့တဲ့ Consumer Electronics Show (CES) 2023 Event မှာ စမတ်ဖုန်းတွေနဲ့ ပတ်သက်ပြီး နည်းပညာအသစ်တွေကို မြင်တွေ့ခဲ့ရပါတယ်။ ဒါပေမယ့် CES Event ဟာ ကွန်ပျူတာ၊ TV နဲ့ တခြားသော Electronics ပစ္စည်းနည်းပညာအသစ်တွေကို ပိုပြီး အလေးပေးထားတာကြောင့် စမတ်ဖုန်းအသစ်တွေဟာ လာမယ့် ဖေဖော်ဝါရီလ ၂၇ ရက်နေ့ကနေ မတ်လ ၃ ရက်နေ့အတွင်းမှာ ပြုလုပ်မယ့် Mobile World Congress (MWC) 2023 Event မှာ ပြသသွားမှာဖြစ်ပါတယ်။

လောလောဆယ်မှာ Xiaomi နဲ့ Honor လိုမျိုး ကုမ္ပဏီတွေက MWC Event ကို တက်ရောက်သွားမယ်ဆိုပြီး တရားဝင်ပြောကြားထားပြီးဖြစ်ပါတယ်။ အခုလည်း OnePlus ကနေ MWC 2023 Event မှာ Concept စမတ်ဖုန်းအသစ်ကို မိတ်ဆက်ဖို့စီစဥ်ထားတယ်လို့ သိရပါတယ်။

ဒါပေမယ့် အခုသတင်းဟာ OnePlus ကနေ တရားဝင်ပြောကြားခဲ့တာမျိုးမဟုတ်ဘဲ Leakster တစ်ဦးဖြစ်တဲ့ Max Jambor ကနေ ဖော်ပြခဲ့တာဖြစ်ပါတယ်။ သူ့ရဲ့ ပြောကြားချက်အရ “#OnePlusConceptTwo” လို့ နာမည်ပေးထားတဲ့ Concept ဖုန်းအသစ်အပြင် တခြားသော Product တွေကိုပါ MWC Event မှာ မိတ်ဆက်သွားမယ်လို့ သိရပါတယ်။

OnePlus ဟာ ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ်တုန်းက ပြိုင်ကားကုမ္ပဏီတစ်ခုဖြစ်တဲ့ McLaren နဲ့ပူးပေါင်းပြီး Leather Texture Design ၊ McLaren ကားတွေမှာ အသုံးပြုတဲ့ Tinted Glass Design တွေကို အသုံးပြုထားတဲ့ Concept One ဖုန်းကို နောက်ဆုံးမိတ်ဆက်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် အဆိုပါ Concept One ဖုန်းကို စျေးကွက်အတွင်းမှာ တရားဝင်ရောင်းချသွားခြင်းမရှိခဲ့ပါဘူး။

တချို့ကလည်း OnePlus Concept ဖုန်းဟာ Foldable ဖုန်းအမျိုးအစားဖြစ်မယ်လို့ ခန့်မှန်းနေကြတာကြောင့် ဘယ်လိုမျိုးဖြစ်လာမလဲဆိုတာကို ဆက်လက်စောင့်ကြည့်ရမှာပါ။

Ref – Gizmo China