OPPO ဟာ လက်ရှိအချိန်မှာ အကောင်းဆုံးသော Fast Charging နည်းပညာကို အသုံးပြုထားတဲ့ OPPO Ace Series စမတ်ဖုန်းတွေကို မိတ်ဆက်ထားပြီးဖြစ်ပါတယ်။ အခုလည်း realme ကနေ OPPO အစား realme Ace နာမည်နဲ့ Ace Series စမတ်ဖုန်းတွေကို ပြောင်းလဲထုတ်လုပ်သွားမယ်ဆိုပြီး သတင်းတွေထွက်ပေါ်နေခဲ့ပါတယ်။

အခု realme ကနေ ဆောင်ရွက်နေတဲ့ realme Ace စမတ်ဖုန်းဟာ စွမ်းဆောင်ရည်အကောင်းဆုံး Flagship ဖုန်းတစ်လုံးဖြစ်လာမှာဖြစ်ပြီး လက်ရှိ X Series ဖုန်းတွေထက်တောင် ပိုပြီးစွမ်းဆောင်ရည်မြင့်မားမှာဖြစ်ပါတယ်။

realme Ace စမတ်ဖုန်းဟာ Qualcomm Snapdragon 875 Chipset နဲ့အတူ ပါးလွှာတဲ့ကိုယ်ထည်ကို အသုံးပြုထားမယ်လို့ သိရပါတယ်။ ဒါတင်မဟုတ်သေးဘဲ အလွန်မြန်ဆန်တဲ့ Fast Charging လည်းပါဝင်လာမယ်လို့ သတင်းထွက်ပေါ်ထားပါတယ်။

လောလောဆယ်မှာ realme ရဲ့ Mid Range ဖုန်းတွေနဲ့ High End ဖုန်းတွေမှာ 65W Fast Charging နည်းပညာကိုအသုံးပြုထားပြီး ပြီးခဲ့တဲ့ ဇူလိုင်လတုန်းက 125W UltraDart Fast Charging နည်းပညာကို မိတ်ဆက်ထားခဲ့ပါတယ်။ အဲ့ဒီအတွက် realme Ace စမတ်ဖုန်းဟာ 125W UltraDart Fast Charging စနစ်ကို ပထမဆုံးအသုံးပြုလာဖွယ်ရှိနေပါတယ်။

realme ရဲ့ 125W UltraDart Fast Charging နည်းပညာဟာ 4000mAh Battery ကို ၃ မိနစ်အတွင်း 33% အထိ အားသွင်းပေးနိုင်မှာဖြစ်ပါတယ်။ တခြားသော realme Ace ဖုန်းနဲ့ သက်ဆိုင်တဲ့အချက်အလက်တွေကိုတော့ အသေးစိတ်သိရှိရခြင်းမရှိသေးပါဘူး။

Ref – Gizmo China