Redmi K30 ကို အရင်နှစ် ဒီဇင်ဘာလမှာ ကြေညာခဲ့ပြီး အခုတော့ ကုမ္ပဏီက မတ်လ ၂၄ ရက်နေ့မှာ Pro Version ကို ချပြတော့မယ်လို့ အတည်ပြုလိုက်ပါတယ်။ Redmi က အဲဒီ စမတ်ဖုန်းမှာ Snapdragon 865 Chipset သုံးထားမယ်လို့ အတည်ပြုထားပြီးပါပြီ။ နောက်မျိုးဆက် 5G ဆက်သွယ်မှု ပါလာမှာ ဖြစ်ပါတယ်။

Redmi K30 Pro မှာ Notch မပါတဲ့ မျက်နှာပြင် အသုံးပြုထားမှာ ဖြစ်ပြီး ရိုးရိုး K30 မှာ 120Hz Refresh Rate ပါတဲ့အတွက် Pro မှာလည်း အဲဒီစံနှုန်း ထည့်သွင်းထားနိုင်ပါတယ်။ Redmi က Pro မှာ AMOLED Panel နဲ့ အဆင့်မြှင်ထားမလား၊ LCD ပဲသုံးထားမလား ဆိုတာ မသိရသေးပါဘူး။

မကြာခင်က ပေါက်ကြားထွက်ပေါ်ခဲ့တဲ့ ဓါတ်ပုံတွေအရ K30 Pro မှာ အနောက်ကင်မရာ ၄ လုံးကို စက်ဝိုင်းပုံစံကွက်ထဲမှာ ထည့်ထားတာတွေ့ရပါတယ်။ ပင်မ ကင်မရာဟာ 64MP Sony IMX686 ဖြစ်မယ်လို့ သတင်းထွက်နေပြီး တခြား ကင်မရာတွေရဲ့ သတင်းအချက်အလက်တွေကို မသိရသေးပါဘူး။

ရိုးရိုး K30 မှာ 27W Fast Charging ထောက်ပံ့တဲ့ 4,500mAh ဘက်ထရီ ထည့်သွင်းထားပြီး Pro Version မှာတော့ 33W ထောက်ပံ့တဲ့ 4,700mAh ဘက်ထရီ ပါလာနိုင်ပါတယ်။ လာမယ့်ရက်ပိုင်းအတွင်းမှာ K30 Pro ကို တရားဝင် မြင်ရတော့မှာပါ။

Ref : gsmarena