ရုရှားဟာ နိုင်ငံတကာ ငွေပေးချေမှုတွေအတွက် Cryptocurrency ကို တရားဝင်ခွင့်ပြုဖို့ စဉ်းစားနေကြောင်း အရာရှိတစ်ဦးရဲ့စကားကို ကိုးကားပြီး လွန်ခဲ့တဲ့သောကြာနေ့က Interfax သတင်းဌာနက ဖော်ပြခဲ့ပါတယ်။ ယူကရိန်းကို ကျူးကျော်ပြီးတဲ့နောက် ပိတ်ဆို့မှုတွေနဲ့တွေ့ကြုံလာရတဲ့ ရုရှားအနေနဲ့ Cryptocurrency ကို ထွက်ပေါက်အဖြစ် အသုံးချလာမယ်ဆိုတာကို အားလုံးကမျှော်လင့်ပြီးသား ဖြစ်ပါတယ်။

“နိုင်ငံတကာ အခြေချနေထိုင်မှုတွေအတွက် ဒစ်ဂျစ်တယ်ငွေကြေးတွေကို အရောင်းအဝယ်ပြုလုပ်ရာမှာအသုံးပြုဖို့စိတ်ကူးကို တက်ကြွစွာဆွေးနွေးလျက်ရှိပါတယ်” လို့ ဘဏ္ဍာရေးဝန်ကြီးဌာနရဲ့ ဘဏ္ဍာရေးမူဝါဒဌာန အကြီးအကဲ Ivan Chebeskov က ပြောခဲ့တယ်လို့ Interfax က ဆိုပါတယ်။ ရုရှားအာဏာပိုင်တွေဟာ နိုင်ငံရဲ့ Crypto ဈေးကွက်နဲ့ ဒစ်ဂျစ်တယ်ငွေကြေးတွေကို ထိန်းကျောင်းဖို့ ပိုပြီးအရှိန်မြှင့်လာတယ်လို့ ယူဆရပါတယ်။

ဆွေးနွေးမှုဟာ လပေါင်းများစွာကြာမြင့်အောင်ပြုလုပ်ခဲ့ပြီးဖြစ်ပါတယ်။ ပူတင်အစိုးရက Cryptocurrencies ကို ငွေပေးချေမှုနည်းလမ်းအဖြစ် မကြာမီ၊ ဒါမှမဟုတ် နောက်ပိုင်းမှာ တရားဝင်အသိအမှတ်ပြုပြီး သတ်မှတ်ပေးဖို့မျှော်လင့်ထားကြပေမဲ့ အခုအချိန်အထိတော့ သဘောတူညီမှုမရသေးတာလည်း ဖြစ်ပါတယ်။ ဘဏ္ဍာရေးဝန်ကြီးဌာနဟာ နိုင်ငံတာကာငွေပေးချေမှုဆိုင်ရာ နောက်ဆုံးအဆိုပြုချက်ကို ဥပဒေမူကြမ်းရဲ့ မွမ်းမံပြင်ဆင်ထားတဲ့ဗားရှင်းမှာ ထည့်သွင်းဆွေးနွေးနေတာဖြစ်ကြောင်း အစိုးရအရာရှိတွေကိုကိုးကားပြီး သောကြာနေ့က Vedomosti သတင်းစာမှာ ဖော်ပြခဲ့ပါတယ်။

နိုင်ငံတကာကုန်သွယ်ရေးအတွက် ပြေလည်မှုတစ်ခုအဖြစ် Crypto ကို ခွင့်ပြုခြင်းဟာ ရုရှားရဲ့ အစဉ်အလာနယ်စပ်ဖြတ်ကျော်ငွေပေးချေမှုယန္တရားတွေကို “အကန့်အသတ်ပြုလုပ်ထားတဲ့” အနောက်တိုင်းရဲ့ ပိတ်ဆို့မှုကို တန်ပြန်တဲ့အကျိုးသက်ရောက်မှုဖြစ်ပေါ်စေဖို့ အထောက်အကူဖြစ်လိမ့်မယ်လို့ Mr.Chebeskov က ပြောဆိုခဲ့ပါတယ်။

Ref: ndtv