“ကျူးကျော်သူ ရုရှားများသေဆုံးခြင်း” လို့အဓိပ္ပါယ်ရတဲ့ စာသားနဲ့ပတ်သက်ပြီး အမုန်းစကားစည်းမျဉ်းကို ပြောင်းလဲလိုက်တဲ့လူမှုကွန်ရက်ကို ရုရှားက ရာဇဝတ်မှုအဖြစ် အမှုဖွင့်ခဲ့တယ်လို့ သိရပါတယ်။ ရုရှားအစိုးရရှေ့နေတွေက Facebook ရဲ့ မိခင် Meta ကို အစွန်းရောက်အဖွဲ့အစည်းအဖြစ်သတ်မှတ်ပေးဖို့ တရားရုံးတစ်ရုံးကို တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် Meta ရဲ့ Instagram ဆီဝင်ရောက်ခွင့်ကို ကန့်သတ်ထားကြောင်း ဆက်သွယ်ရေးဆိုင်ရာစည်းမျဉ်းထိန်းညှိသူက ပြောဆိုခဲ့ပါတယ်။ လူမှုကွန်ရက် Facebook နဲ့ Instagram ကိုပိုင်ဆိုင်တဲ့ အမေရိကန်ကုမ္ပဏီ Meta က ဝန်ထမ်းတွေဟာ ရုရှားနိုင်ငံသားတွေကို လူသတ်မှုနဲ့ အကြမ်းဖက်မှုတွေအတွက် တရားမဝင်တောင်းဆိုမှုတွေ ပြုလုပ်ခဲ့တာနဲ့ပတ်သက်ပြီး ရာဇဝတ်မှုတစ်ခု စတင်လိုက်တယ်လို့ ရုရှားစုံစမ်းစစ်ဆေးရေးကော်မတီက ပြောပါတယ်။

ကော်မတီဟာ လုပ်ငန်းစဉ်နဲ့ပတ်သက်ပြီး ဗလာဒီမာပူတင်ဆီ တိုက်ရိုက်အစီရင်ခံတယ်လို့ သိရပေမဲ့ ရာဇဝတ်မှုရဲ့အကျိုးဆက်တွေက ဘယ်လိုဖြစ်လာနိုင်တယ်ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ ဒီကိစ္စနဲ့ပတ်သက်ပြီး Reuters က မေးမြန်းခဲ့ပေမဲ့ Meta ဆီကတော့ မှတ်ချက်တစ်စုံတရာ ထွက်ပေါ်လာခြင်း မရှိသေးတာကိုလည်း တွေ့ရပါတယ်။

ရုရှား−ယူကရိန်း စစ်ပွဲရဲ့ သီတင်းနှစ်ပတ်ကြာကာလအတွင်း ကုမ္ပဏီဟာ ရုရှားအရပ်သားတွေအပေါ် အကြမ်းဖက်ခြင်းဆိုင်ရာလှုံ့ဆော်မှုတွေနဲ့ပတ်သက်ပြီး ခွင့်မပြုခဲ့ပေမဲ့ “ကျူးကျော်သူရုရှားများ သေဆုံးခြင်း” လိုမျိုးအဓိပ္ပါယ်ရတဲ့ပို့စ်တွေကို ခွင့်ပြုပေးခဲ့ပါတယ်။ ကုမ္ပဏီဟာ သူတို့ရဲ့ နိုင်ငံရေးနဲ့ပတ်သက်တဲ့ စည်းမျဉ်းတွေကို ယာယီဖြေလျှော့ပေးခဲ့ကြောင်း ပြီးခဲ့တဲ့ကြာသပတေးနေ့က ပြောဆိုခဲ့ပါတယ်။

Reuters ရဲ့တွေ့ရှိချက်အရ Meta ရဲ့ ကုမ္ပဏီတွင်း အီးမေးလ်တွေမှာ ပူတင်၊ ဒါမှမဟုတ် ဘီလာရုစ်သမ္မတ Alexander Lukashenko သေဆုံးမှုကို လိုလားတဲ့ပို့စ်တွေကို ယာယီခွင့်ပြုထားကြောင်း သိရှိရပါတယ်။ “တကယ်လို့သာ မှန်တယ်ဆိုရင် ဒီကုမ္ပဏီရဲ့ လုပ်ဆောင်ချက်တွေကိုအဆုံးအဖြတ်ပေးဖို့ အပြတ်သားဆုံးအစီအမံတွေရှိရမယ်” လို့ Kremlin က ပြောခွင့်ရပုဂ္ဂိုလ် Dmitry Peskov က ပြောဆိုခဲ့ပါတယ်။

Ref: CNBC