ယူကရိန်းကို ကျူးကျော်ဝင်ရောက်ပြီးကတည်းက ဗလာဒီမာပူတင်ဟာ စစ်ပွဲကိုဆန့်ကျင်တာ ဒါမှမဟုတ် မှားယွင်းတဲ့သတင်းတွေဖြန့်ဝေတာတွေအတွက်ဆိုပြီး ဒဏ်ငွေနဲ့ထောင်ဒဏ်တွေပါဝင်တဲ့ ဥပဒေကို ရုရှားဖက်ဒရေးရှင်းတစ်ဝန်းမှာ ပြင်ဆင်ခဲ့ပါတယ်။

“ဘယ်လိုပဲဖြစ်ဖြစ် ရုရှားတင့်ကားတွေ ယူကရိန်းနယ်စပ်ကို ပထမဆုံးဖြတ်ကျော်မှုမလုပ်ခင်ကတည်းက ပူတင်ရဲ့အေးဂျင့်တွေဟာ Apple နဲ့ Google တို့လို နည်းပညာကုမ္ပဏီကြီးတွေနဲ့ အမှုဆောင်အရာရှိတွေကို ခြိမ်းခြောက်နေပါပြီ” လို့ Washington Post က သတင်းဖော်ပြခဲ့ပါတယ်။

ရုရှားဟာ ပြည်တွင်းသဘောထားကွဲလွဲမှုတွေကိုချေမှုန်းဖို့ တစ်ခါတစ်ရံမှာ နိုင်ငံသားတွေရဲ့စစ်မှန်တဲ့ထင်မြင်ယူဆချက်တွေကိုဖော်ပြဖို့အသုံးပြုနိုင်တဲ့ ကိရိယာတွေရဲ့ အရင်းအမြစ်တွေဆီကို တိုက်ရိုက်သွားလေ့ရှိတယ်လို့ ကေဂျီဘီသူလျှိုဟောင်းက ဆိုပါတယ်။

ပြီးခဲ့တဲ့စက်တင်ဘာလက ပူတင်ရဲ့ ရန်ဘက်ဖြစ်တဲ့ Alexei Navanly က ရုရှားနိုင်ငံသားတွေ ပူတင်ရဲ့ လုပ်ရပ်တွေကိုဆန့်ကျင်ကန့်ကွက်ကြောင်း မဲပေးနိုင်တဲ့ Smart Voting app ကို ပြုလုပ်ခဲ့ပြီးတဲ့နောက် အေးဂျင့်တွေက ဒါကို ၂၄ နာရီအတွင်း အပြီးဖြုတ်ချဖို့ မော်စကိုမြို့က Google အမှုဆောင်အရာရှိတစ်ဦးကို ဖိအားပေးခဲ့ပါတယ်။

Google က သူတို့ရဲ့ အမှုဆောင်အရာရှိကို ဘေးကင်းလုံခြုံအောင်ဆောင်ရွက်ခဲ့ပေမဲ့လည်း KGB ကို ဆက်ခံတဲ့ FSB အေးဂျင့်တွေက သူမကို ရှာဖွေတွေ့ရှိခဲ့ပြီး သတ်မှတ်ထားတဲ့အချိန် ကုန်ခါနီးပြီဖြစ်ကြောင်း သတိပေးခြိမ်းခြောက်မှုတွေ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။ အကယ်၍ သတ်မှတ်အချိန်အတွင်း Smart Voting ကို မဖြုတ်ချရင်တော့ သူမကို ဖမ်းဆီးတော့မှာ ဖြစ်တာကြောင့် Google နဲ့ Apple တို့ဟာ အဆိုပါ App ကို ဖြုတ်ချပေးခဲ့ရတာလည်း ဖြစ်ပါတယ်။

ဒီအဖြစ်အပျက်ဟာ မီဒီယာတွေပေါ်မှာ ကျယ်ကျယ်ပြန့်ပြန့်ရောက်လာခြင်းမရှိပေမဲ့ ပူတင်ရဲ့ ပြည်တွင်းသဘောထားကွဲလွဲမှုတွေကို ချေမှုန်းဖို့ကြိုးပမ်းမှုရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် ပြသစရာသက်သေတစ်ခု ဖြစ်ပါတယ်။ အလားတူပဲ Facebook ဒါမှမဟုတ် Twitter လိုမျိုး လူမှုကွန်ရက်တွေကို ဝင်ရောက်ခွင့် ပိတ်ထားတာ၊ ဆင်ဆာနဲ့ပူးပေါင်းဆောင်ရွက်ခြင်းမပြုတဲ့ ဘယ်ကုမ္ပဏီကြီးတွေကိုမဆို ကြီးမားတဲ့ဒဏ်ငွေတွေချမှတ်တာတွေကို ပြုလုပ်နေပါတယ်။

“ရုရှားမှာ ဝန်ထမ်းတွေကိုထားရှိဖို့ ကမ္ဘာ့အကြီးမားဆုံးနည်းပညာကုမ္ပဏီကြီး ၁၃ ခုကို အမိန့်ပေးတာဟာ ဓားစာခံဥပဒေပဲဖြစ်တယ်လို့” အမေရိကန်နည်းပညာ အမှုဆောင်အရာရှိတွေက ဆိုပါတယ်။ Alexei Navalny ရဲ့အဖွဲ့အစည်းတွေက အယူခံဝင်တာကြောင့် Google ဟာ Smart Voting app ကို ပြန်လည်အသုံးပြုခွင့်ရခဲ့ပေမဲ့ Apple ကတော့ ဒီကိစ္စကို ပြန်လည်သုံးသပ်နေဆဲဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။ ဒါကြောင့် လက်ရှိအချိန်မှာ ရုရှားနိုင်ငံက iPhone အသုံးပြုသူတွေဟာ ဗလာဒီမာပူတင်က သူတို့ကိုမြင်စေချင်တဲ့အရာကိုပဲ တွေ့မြင်နိုင်ကြမှာ ဖြစ်ပါတယ်။

Ref: Android Police