Samsung ဟာ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်တုန်းက 5G စမတ်ဖုန်းအလုံးရေ ၆.၇ သန်းရောင်းချခဲ့ရပြီးတော့ စျေးကွက်ရာခိုင်နှုန်း ၅၃.၉ ရာခိုင်နှုန်းနဲ့ ဦးဆောင်ထားခဲ့တာဖြစ်ပါတယ်။ အခုလည်း ၂၀၂၀ ခုနှစ် ပထမ ၃ လပတ်အတွက် 5G ဖုန်းစျေးကွက် Report ကို The Korea Herald ကနေ ဖော်ပြခဲ့ပါတယ်။

အဆိုပါ Report အရ Samsung ဟာ 5G ဖုန်းအလုံးရေ ၈.၃ သန်းရောင်းချထားပြီး စျေးကွက် နံပါတ် (၁) နေရာကို ရယူထားဆဲဖြစ်ပါတယ်။ ဒါပေမယ့်စျေးကွက်ရာခိုင်နှုန်းအနေနဲ့ကတော့ ၃၄.၄ ရာခိုင်နှုန်းပဲ ပိုင်ဆိုင်တော့တာဖြစ်ပါတယ်။

အခုလိုမျိုး Samsung အနေနဲ့ စျေးကွက်ပိုင်ဆိုင်မှုရာခိုင်နှုန်းကျဆင်းသွားတာက Huawei ကလည်း 5G စမတ်ဖုန်းအလုံးရေ ၈ သန်းအထိ တင်ပို့ရောင်းချနိုင်ခဲ့တာကြောင့်ဖြစ်ပါတယ်။ အဲ့ဒီအတွက် စျေးကွက်ပိုင်ဆိုင်မှုမှာ ၃၃.၂ ရာခိုင်နှုန်းနဲ့ ဒုတိယနေရာမှာ ကပ်လိုက်နေတယ်လို့ ပြောလို့ရပါတယ်။ အဲ့ဒီနောက်မှာတော့ Vivo က စမတ်ဖုန်းအလုံးရေ ၂.၉ သန်း၊ Xiaomi က ၂.၅ သန်း နဲ့ OPPO က ၁.၂ သန်းဆိုပြီး အသီးသီးရောင်းချထားတယ်လို့ သိရပါတယ်။

Samsung ကတော့ အခုအချိန်မှာ စျေးသက်သာတဲ့ 5G စမတ်ဖုန်းတွေဖြစ်တဲ့ Galaxy A51 5G နဲ့ A71 5G လိုမျိုး စမတ်ဖုန်းတွေကို မိတ်ဆက်ထားတယ်ဆိုပေမယ့် Huawei အပါအဝင် တရုတ်ကုမ္ပဏီတွေက စျေးပိုသက်သာတဲ့ 5G စမတ်ဖုန်းတွေကို ဆက်တိုက်မိတ်ဆက်နေတဲ့အတွက် နောက်ပိုင်းမှာတော့ Huawei က 5G စမတ်ဖုန်းစျေးကွက်မှာ နံပါတ် (၁) နေရာကို ရယူသွားနိုင်ပါတယ်။

Ref – Android Central