Samsung ဟာ ပြီးခဲ့တဲ့နှစ်တုန်းက မိတ်ဆက်ခဲ့တဲ့ Galaxy Fold စမတ်ဖုန်းနဲ့အတူ Foldable Phone စျေးကွက်ကို အာရုံစိုက်လာခဲ့တာဖြစ်ပါတယ်။ အခုလည်း Galaxy Z Flip ဆိုပြီး စျေးပိုသက်သာတဲ့ Foldable Phone ကို မကြာခင်မှာ စျေးကွက်ထဲမှာ ရောင်းချသွားတော့မှာဖြစ်ပါတယ်။

လက်ရှိ Korea Media တွေဆီကနေ သိရှိထားရတဲ့သတင်းတွေအရတော့ Samsung ဟာ ယခု Galaxy Z Flip စမတ်ဖုန်းကို ရောင်းအားကောင်းမယ်လို့ မျှော်လင့်ထားပြီး စစခြင်းမှာတင် အလုံးရေ ၅ သိန်းဝန်းကျင်အထိ အဆင်သင့်ပြင်ထားမယ်လို့ သိရပါတယ်။ နောက်ပိုင်းမှာ ဝယ်လိုအားလိုက်လာတယ်ဆိုရင် အလုံးရေ နောက်ထပ် ၂ သန်းအထိ ထုတ်လုပ်သွားဖို့ရှိတယ်လို့လည်း သိရပါတယ်။

ယခုပမာဏဟာ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်တုန်းက Galaxy Fold ရောင်းချခဲ့ရတဲ့အရေအတွက်ဖြစ်တဲ့ အလုံးရေ ၄ သိန်းနဲ့ ၅ သိန်းကြားထက် သိသိသာသာကို များပြားနေတာလည်းဖြစ်ပါတယ်။ Samsung အနေနဲ့ကတော့ Galaxy Fold ထက် စျေး ၅၀ ရာခိုင်နှုန်းလောက်အထိ ပိုပြီးသက်သာမယ့် Galaxy Z Flip ဖုန်းက Foldable Phone ဝယ်ယူမယ့်သူတွေကို ပိုပြီး ဆွဲဆောင်နိုင်မယ်လို့ ယူဆထားတဲ့ပုံစံပါပဲ။

Samsung Galaxy Z Flip စမတ်ဖုန်းဟာ Galaxy Fold နဲ့ မတူညီတဲ့ အပေါ်ကနေအောက်ကို ခေါက်ချိုးရတဲ့ Design ကို အသုံးပြုထားတာဖြစ်ပြီး Specs တွေအရလည်း မနှစ်တုန်းက Qualcomm Snapdragon 855+ Processor အပြင် 12MP Dual Camera Setup ကိုပဲ အသုံးပြုလာမှာဖြစ်ပါတယ်။

Ref – GSM Arena