Samsung ဟာ အခုနောက်ပိုင်းမှာ ကိုယ်ပိုင် Exynos Chipset အသုံးပြုမှုကို တဖြည်းဖြည်းလျော့ချနေပြီဖြစ်ပါတယ်။ ပြီးခဲ့တဲ့ Samsung Galaxy S22 Series ဖုန်းတွေမှာလည်း Exynos Chipset ကို အနည်းငယ်ပဲ ထုတ်လုပ်ခဲ့သလို လာမယ့် Galaxy S23 Series ဖုန်းတွေမှာဆိုရင် လုံးဝကို Exynos Chipset တွေကို အသုံးပြုမှာမဟုတ်တော့ဘဲ Snapdragon 8 Gen2 Chipset ကိုပဲ အသုံးပြုသွားတော့မှာဖြစ်ပါတယ်။

ဒါကြောင့် Samsung အနေနဲ့ Exynos Chipset တွေ ထုတ်လုပ်မှုကို ရပ်ဆိုင်းမယ်ဆိုပြီး သတင်းတွေထွက်ရှိနေပြီဖြစ်ပါတယ်။ ဒါပေမယ့်လည်း အခုအချိန်မှာတော့ Samsung ကနေ အဆိုပါ သတင်းအပေါ်ကို တရားဝင် ငြင်းဆိုလိုက်ပြီဖြစ်ပါတယ်။

အဆိုပါသတင်းကိုတော့ Samsung ရဲ့ Q2 2022 Conference Call မှာ ပြောကြားခဲ့တာဖြစ်ပြီး Samsung အနေနဲ့ Exynos Chipset ထုတ်လုပ်မှုကို ရပ်ဆိုင်းသွားမှာမဟုတ်သလို ဆက်လက်ကျယ်ပြန့်အောင်လည်း တိုးချဲ့သွားဖို့စီစဥ်ထားတယ်လို့ သိရပါတယ်။ နောက်ပိုင်းမှာ တခြားသော ကုမ္ပဏီတွေနဲ့ လက်တွဲပြီး စျေးကွက်ရှယ်ယာအများအပြားရယူသွားဖို့လည်း မျှော်လင့်ထားတယ်ဆိုပြီး ပြောကြားခဲ့ပါတယ်။

နောက်ထပ်သိရတဲ့သတင်းအရတော့ Samsung ဟာ Galaxy S Series ဖုန်းအတွက် လာမယ့် ၂၀၂၅ ခုနှစ်မှာ Exynos Premium Processor တစ်ခုကို မိတ်ဆက်နိုင်ဖို့ စီစဥ်နေတယ်လို့ သိရပါတယ်။ အဆိုပါ Premium Processor အတွက် လူ ၁၀၀၀ ကျော်ပါဝင်တဲ့ Dream Team ကနေဆောင်ရွက်နေတာဖြစ်ပြီး အဆိုပါ Processor မမိတ်ဆက်နိုင်သေးခင်မှာ Qualcomm Snapdragon Chipset တွေကိုပဲ အသုံးပြုသွားဖွယ်ရှိနေပါတယ်။

Ref – Gizmo China