Apple ဟာ လွန်ခဲ့တဲ့ ၂၀၁၇ ခုနှစ်ကတည်းက OLED panel တွေကို Samsung ဆီကပဲဝယ်ယူခဲ့တယ်ဆိုပေမဲ့ ၂၀၂၀ နောက်ပိုင်းမှာ တောင်ကိုရီးယားကုမ္ပဏီကြီးတစ်ခုတည်းကိုပဲ မှီခိုနေရမှုကိုလျှော့ချဖို့ ကြိုးစားတာ တွေ့မြင်နိုင်ပါတယ်။ ဒါကြောင့် အခြား Supplier တွေကို ရှာဖွေနေပြီး အတော်အသင့်လည်း ဖြန့်ကျက်ထားပြီးဖြစ်ပါတယ်။

အခုလည်း iPhone 14 series မော်ဒယ်တစ်မျိုးတည်းကိုပဲ Samsung ကထုတ်လုပ်ထားတဲ့ မျက်နှာပြင်ကို အသုံးပြုမယ်လို့ ခန့်မှန်းဖော်ပြချက်တွေ ထွက်ပေါ်နေပါတယ်။ ဒီခန့်မှန်းချက်က ထုတ်လုပ်မှုနယ်ပယ်တွင်းက Ross Young ဆိုသူက ပြောဆိုခဲ့တာဖြစ်ပြီး၊ သူ့ရဲ့ဟောကိန်းတွေကလည်း လွဲခဲတာဖြစ်တဲ့အတွက် စိတ်ဝင်စားဖို့ကောင်းနေပါတယ်။

Samsung ဟာ စမတ်ဖုန်းမျက်နှာပြင်တွေနဲ့ ပတ်သက်လာရင် စက်မှုလုပ်ငန်းဦးဆောင်သူဖြစ်ပေမဲ့လည်း အခုအချိန်မှာတော့ အခြားထုတ်လုပ်သူတွေနဲ့ ကွာဟချက်ကျဉ်းမြောင်းလာပြီလို့ ဆိုနိုင်ပါတယ်။ ကုမ္ပဏီဟာ iPhone 13 Pro, Pro Max အတွက် အပူချိန်နိမ့် Polycrystalline oxide (LTPO) thin-film transistor (TFT) OLED panel တွေကို တစ်ဦးတည်းပေးသွင်းခဲ့ပြီး LG နဲ့ BOE တို့က iPhone 13 နဲ့ 13 mini တွေအတွက် Panels တွေပေးသွင်းခဲ့တာပါ။

ဒီနှစ်မှာတော့ Samsung ဟာ 6.1-inch iPhone 14 Pro အတွက် သီးသန့်တင်သွင်းပေးသူဖြစ်လာမယ်ဆိုတာ ထင်ရှားလာပြီး 6.7-inch Pro Max အတွက် အမှာစာတွေကိုတော့ LG နဲ့ မျှယူရမှာဖြစ်ပါတယ်။ အခြားသတင်းတစ်ခုမှာတော့ 6.1-inch iPhone 14 အတွက် အမှာစာတွေထဲက ၂၀ ကနေ ၂၅ ရာခိုင်နှုန်းကို BOE က လက်ခံထားပြီး 6.7-inch iPhone 14 Max အတွက် မျက်နှာပြင်အမှာစာရင်းကိုတော့ LG နဲ့ Samsung တို့ဆီကနေ မျှပြီးယူသွားမယ်လို့ ဖော်ပြထားတာ တွေ့မြင်ရပါတယ်။

Ref: Phone Arena