အရှေ့အလယ်ပိုင်းဒေသနိုင်ငံတစ်ခုဖြစ်တဲ့ ဆော်ဒီအာရေဗျနိုင်ငံဟာ လက်ရှိကိုရိုနာဗိုင်းရပ်စ်ရန်ကို တိုက်ဖျက်ရာမှာ အထောက်အကူပြုတဲ့အနေနဲ့ ရန်ပုံငွေ Esports ပြိုင်ပွဲကြီးတစ်ခုကို ကျင်းပသွားမှာဖြစ်ပြီး ဆုကြေးငွေက အမေရိကန်ဒေါ်လာ ၁၀ သန်း ပေးအပ်သွားမှာပါ။

ဒီဂိမ်းပြိုင်ပွဲကြီးရဲ့အမည်က “Gamers Without Borders by Saudi” ဖြစ်ပြီး ဧပြီလ ၂၄ ရက်နေ့မှ ဇွန်လ ၇ ရက်ထိ တစ်ခုပြီးတစ်ခုဆက်တိုက်ကျင်းပသွားမယ့် ပြိုင်ပွဲမှာ Call of Duty, Fortnite, PUBG Mobile, Clash Royale, FIFA 20, Apex Legends, Rainbow Six Siege, Overwatch နဲ့ Rocket League တို့လို စုံလင်တဲ့ Esports အမျိုးအစားတွေ ပါဝင်မှာဖြစ်ပါတယ်။

ဆော်ဒီနိုင်ငံရဲ့ အီလက်ထရောနစ်နဲ့ ဉာဏအားကစားများ ဖက်ဒရေးရှင်းဥက္ကဌဖြစ်တဲ့ မင်းသား Faisal Bin Bandar Bin Sultan ကတော့ “ကမ္ဘာ့နေရာအတော်များများကို Lockdown ချထားရပါတယ်၊ အများစုက အထီးကျန်ပြီး တုံ့ပြန်ဖို့ မတတ်နိုင်ဖြစ်နေကြမှာပါပဲ၊ ဒါပေမယ့် Esports ရဲ့အလှတရားကတော့ သူ့ကို ဒစ်ဂျစ်တယ်နည်းပညာနဲ့ ဖန်တီးထားပြီး ဘယ်နေရာက ဘယ်သူမဆို ဘယ်အချိန်မှာပဲဖြစ်ဖြစ် ခံစားပျော်ရွှင်နိုင်တာပါပဲ၊ အခုချိန်ထက် ပိုပြီးသင့်လျှော်တဲ့အချိန် မရှိတော့ဘူးဖြစ်တာကြောင့် ဂိမ်မာတွေအားလုံး ပူးပေါင်းပြီး ဒီအရေးကိစ္စကြီးကို ပါဝင်ကူညီကြပါစို့” လို့ ပြောကြားခဲ့ပါတယ်။

ဆော်ဒီနိုင်ငံ အီလက်ထရောနစ်နဲ့ ဉာဏအားကစားဖက်ဒရေးရှင်း (SAFEIS) ဟာ နာမည်ကျော် Esports ပြိုင်ပွဲများ ကျင်းပစီစဉ်သူ ESL အဖွဲ့အစည်းနဲ့ လက်တွဲပြီး ဒီပြိုင်ပွဲကြီးကို ကျင်းပမှာပါ။ မည်သူမဆိုဝင်ရောက်ယှဉ်ပြိုင်နိုင်မယ့် ဒီပြိုင်ပွဲမှာ အနိုင်ရသူတွေဟာ ဆုကြေးငွေကို မိမိနှစ်သက်ရာ အဖွဲ့အစည်းသို့ ပေးပို့လှူဒါန်းနိုင်မှာဖြစ်လို့ မိမိကျွမ်းကျင်တဲ့ Esports ကိုအသုံးပြုပြီး ဒေါ်လာသန်းဂဏန်းအလှူငွေထည့်ဝင်နိုင်တဲ့ အခွင့်အရေးကို ရရှိနိုင်မှာဖြစ်ပါတယ်။

Ref – AFKGaming