ကနဦးသတင်းတွေမှာတော့ Galaxy A72 ဟာ Samsung ရဲ့ ပထမဦးဆုံး ကျောဘက်ကင်မရာ ၅ လုံးနဲ့ Galaxy A ဖုန်းဖြစ်လာမယ်လို့ ဖော်ပြခဲ့ပါတယ်။ စက်တင်ဘာလနှောင်းပိုင်းတုန်းက ထွက်ပေါ်ခဲ့တဲ့ ဒီသတင်းဟာ ဒီဇင်ဘာလ ဒုတိယပတ်ရောက်ချိန်မှာတော့ အဓိပ္ပါယ်မဲ့သွားခဲ့ရပြီ ဖြစ်ပါတယ်။

ဗီယက်နမ် Leaker Chun တွစ်တာမှာတင်ထားတာက Galaxy A72 ရဲ့ နောက်ဆုံးဒီဇိုင်းဟာ ကျောဘက်ကင်မရာ ငါးလုံးအစား လေးလုံးပဲ ရှိလိမ့်မယ်လို့ ဖော်ပြထားတာ ဖြစ်ပါတယ်။ ဒါကြောင့် Samsung အနေနဲ့ ကျောဘက်ကင်မရာကို လေးလုံးပဲ သုံးချင်ပြီး အာရုံခံကိရိယာအရေအတွက်ကို လျှော့ချဖို့ ဆုံးဖြတ်ခဲ့တယ်လို့ ယူဆရပါတယ်။

အခုနောက်ဆုံးထွက်လာတဲ့ ယိုစိမ့်သတင်းမှာတော့ အာရုံခံကိရိယာကို ဖယ်ရှားထားကြောင်း မဖော်ပြထားပေမယ့်၊  ပြီးခဲ့တဲ့ စက်တင်ဘာလကထွက်ခဲ့တဲ့ သတင်းမှာတော့ A72 မှာ 64MP အဓိကကင်မရာ၊ 12MP ultra-wide angle, 8MP telephoto, 5MP Macro နဲ့ 5MP depth sensor တို့ပါဝင်မယ်လို့ ဖော်ပြခဲ့ဖူးပါတယ်။

အကယ်၍ Samsung အနေနဲ့ Camera Sensor တစ်ခုကို ဖယ်ရှားချင်တယ်ဆိုရင် ဒါဟာ Macro ဒါမှမဟုတ် Depth sensor တစ်ခုခု ဖြစ်နိုင်ပါတယ်။ အကြောင်းက Telephoto camera ရှိနှင့်ပြီးဖြစ်တဲ့အတွက် Depth camera ရဲ့ လိုအပ်ချက်ဟာ သိပ်ပြီးအရေးမပါတော့တာကြောင့် ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဧပြီလမှာဖြန့်ချိခဲ့တဲ့ Galaxy A71 5G မှာတော့ 64MP အဓိကကင်မရာ၊ 12MP ultra-wide, 5MP macro sensor နဲ့ 5MP depth sensor တို့ပါဝင်ပါတယ်။ ဒါကြောင့် Galaxy A72 မှာတော့ Telephoto camera ထည့်သွင်းလိုက်တာဟာ လုံလောက်တဲ့အဆင့်မြှင့်တင်မှုလို့ ဆိုနိုင်ပါတယ်။ ဘာပဲဖြစ်ဖြစ် Galaxy A72 နဲ့ပတ်သက်ပြီး သိဖို့ကျန်သေးတဲ့အချက်တွေအများကြီးရှိနေတာကြောင့် ထပ်ထွက်လာမယ့်သတင်းတွေကို စောင့်ကြည့်ရဦးမှာပါ။

Ref: Gizmochina