အခုလက်ရှိဖြစ်ပွားနေတဲ့ ကိုရိုနာဗိုင်းရပ်စ် (COVID-19) ဟာ အခုလက်ရှိအချိန်မှာ ကူးစက်ခံရသူ အယောက် ၁ သိန်း ၂ သောင်းကျော်ရှိနေပြီဖြစ်သလို သေဆုံးသူတွေလည်း ၄,၆၀၀ ကျော်ရှိသွားပြီဖြစ်ပါတယ်။ WHO ကလည်း တကမ္ဘာလုံးဆိုင်ရာကပ်ရောဂါအနေနဲ့ကြေညာထားတဲ့အတွက် အရေးပေါ်အခြေအနေမှာရှိနေတယ်လို့တောင် ပြောနိုင်ပါတယ်။

အခုလည်း Twitter ကုမ္ပဏီကနေ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကိုထိန်းသိမ်းနိုင်ဖို့အတွက် တကမ္ဘာလုံးမှာရှိတဲ့ဝန်ထမ်းတွေကို အိမ်မှာပဲအလုပ်လုပ်ဖို့ ထုတ်ပြန်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ရက်သတ္တပတ်ထဲက အခုလိုမျိုး အိမ်ကနေအလုပ်လုပ်ဖို့ Recommend ပေးနေခဲ့ပေမယ့်အခုအချိန်မှာတော့ တရားဝင်ကြေညာချက်ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

အခုလိုမျိုး အိမ်ကနေပဲ အလုပ်လုပ်ခိုင်းပေမယ့်လည်း Twitter ကနေ ဝန်ထမ်းတွေကို ပုံမှန်အလုပ်ချိန်အတိုင်း လစာပေးသွားမှာဖြစ်ပြီး အိမ်အတွင်းမှာ ရုံးခန်းဆင်ရတဲ့ကုန်ကျစရိတ်တွေနဲ့ ကလေးရှိတဲ့မိဘတွေအတွက် ကလေးကိုနေ့လည်ပိုင်းကြည့်ရှုစောင့်ရှောက်ရတဲ့စရိတ်တွေကိုပါ ကုမ္ပဏီကနေ ကျခံပေးသွားမယ်လို့သိရပါတယ်။

အခုလိုမျိုး နေအိမ်ကနေပဲ အလုပ်လုပ်ဖို့ညွှန်ကြားထားတဲ့ကုမ္ပဏီတွေထဲမှာ Twitter အပြင် Apple ၊ Amazon ၊ Mircrosoft နဲ့ Google တို့လည်းပါဝင်ပြီးတော့ Twitter ရဲ့ တကမ္ဘာလုံးမှာရှိတဲ့ ဝန်ထမ်း ၄,၉၀၀ ကျော်ကို အခုလိုမျိုး ညွှန်ကြားလိုက်တာက ဘာပဲဖြစ်ဖြစ် ဝန်ထမ်းတွေအချင်းချင်းကူးစက်မှုကိုလျော့ကျသွားစေမှာပါ။

Ref – The Verge