Cryptocurrency ရဲ့ တရားဝင်ဖြစ်တည်မှုတွေဟာ ကမ္ဘာ့နိုင်ငံတိုင်းမှာ ရရှိနေတာတော့ မဟုတ်သေးပါဘူး။ နိုင်ငံအချို့က Cryptocurrency ကို အသုံးပြုပြီး ပေးချေမှုတွေလက်ခံပေမဲ့ အများစုကတော့ လက်ခံခြင်းမရှိသေးပါဘူး။ ဘာပဲဖြစ်ဖြစ် အနာဂတ်မှာတော့ Uber နဲ့ ခရီးသွားသူတွေဟာ ကျသင့်သမျှကို Cryptocurrency နဲ့ ပေးချေနိုင်မှာ ဖြစ်ပါတယ်။

Ride-hailing app ရဲ့ CEO ဖြစ်တဲ့ Dara Khosrowshahi က နောက်ဆုံးမှာတော့ သုံးစွဲသူတွေဟာ သူတို့ရဲ့စီးနင်းမှုအတွက် Bitcoin နဲ့ ပေးချေနိုင်မှာဖြစ်တယ်လို့ ပြောခဲ့ပြီး ကုမ္ပဏီဟာ ရှေ့မဆက်ခင်မှာ တိုးတက်မှုအနည်းငယ်ကို စောင့်ဆိုင်းနေကြောင်းလည်း ထပ်လောင်းပြောဆိုခဲ့ပါတယ်။

Uber ရဲ့ အမှုဆောင်အရာရှိချုပ်ကတော့ ကုမ္ပဏီဟာ ငွေပေးချေမှုနည်းလမ်းအဖြစ် Cryptocurrency ကို စတင်လက်ခံသင့်၊ မခံသင့်နဲ့ပတ်သက်ပြီး “ဒီကိစ္စကို အမြဲလိုပြောဖြစ်နေတယ်” လို့ ဆိုပါတယ်။ “အနာဂတ်မှာ Uber က Crypto ကို လက်ခံတော့မှာလား။ တစ်ချိန်ချိန်မှာတော့ သေချာပေါက်လက်ခံမှာပါ” လို့ Mr. Khosrowshahi က Bloomberg ကို ပြန်လည်အဖြေပေးခဲ့ပါတယ်။

ဒါပေမဲ့ Cryptocurrency နဲ့ပေးချေမှုကို ဘယ်အချိန်မှာစတင်လက်ခံမယ်ဆိုတာကိုတော့ Mr. Khosrowshahi က အရိပ်အမြွက်တောင် ပြောဆိုသွားခြင်းမရှိပါဘူး။ ကုမ္ပဏီအနေနဲ့ Bitcoin ကို အာရုံစိုက်နေပေမဲ့ Ethereum လိုမျိုး အခြားသော Cryptocurrencies တွေကလည်း ရွေးချယ်စရာဖြစ်နိုင်တယ်လို့ Mr. Khosrowshahi က ဆိုပါသေးတယ်။

အခုအချိန်မှာ Uber ဟာ အတားအဆီးအနည်းငယ်ကြောင့် Cryptocurrency bandwagon ဆီ ခုန်ဆင်းဦးမှာမဟုတ်ကြောင်းလည်း ထည့်သွင်းပြောဆိုခဲ့ပါသေးတယ်။ မကြာသေးခင်နှစ်တွေအတွင်း ကုမ္ပဏီအများစုဟာ Cryptocurrencies ကို စိတ်ဝင်စားမှုမြင့်တက်လာကြပေမဲ့ ငွေပေးချေမှုပုံစံအဖြစ်လက်ခံဖို့တော့ နှေးကွေးနေကြသေးတာလည်း ဖြစ်ပါတယ်။

၂၀၁၄ ခုနှစ်မှာ Microsoft ဟာ သူ့ရဲ့ အွန်လိုင်းစတိုး ငွေပေးချေမှုအဖြစ် Bitcoin ကို စတင်လက်ခံခဲ့ပါတယ်။ မကြာသေးခင်ကတော့ Tesla က သူ့ရဲ့ အွန်လိုင်းစတိုးက ထုတ်ကုန်အချို့အတွက် meme cryptocurrency Dogecoin ကို စတင်လက်ခံခဲ့ပါတယ်။ အခုအချိန်အထိတော့ Cryptocurrencies တွေဟာ တည်ငြိမ်မှုမရှိသေးတာဖြစ်ပြီး ဒါကလည်း ပေးချေမှုပုံစံတစ်ခုအဖြစ် ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုလာကြရေးမှာ အဓိကစိန်ခေါ်မှုတစ်ခုလို ဖြစ်နေပါတယ်။

Ref: NDTV