WhatsApp က User များစွာ တောင်ဆိုထားတဲ့ လုပ်ဆောင်ချက် ၁ ခုကို Messaging Service မှာ ထည့်သွင်းပေးလိုက်ပါတယ်။ ကုမ္ပဏီက Device များစွာမှာ အသုံးပြုနိုင်ဖို့ စမတ်ဖုန်းကို အွန်လိုင်း ချိတ်ဆက်ထားစရာ မလိုအောင် ပြုလုပ်ပေးမယ်လို့ ဒီနှစ် အစောပိုင်းက ကတိပေးခဲ့ပါတယ်။ အခုတော့ အဲဒီ လုပ်ဆောင်ချက်ကို ကတိအတိုင်း ထည့်သွင်းပေးလိုက်ပါပြီ။

WhatsApp

အရင်ကတော့ User တွေဟာ PC သို့မဟုတ် Laptop လို Device တွေမှာ WhatsApp ကို သုံးချင်ရင် စမတ်ဖုန်းကို အင်တာနက် ချိတ်ဆက်ထားရတာပါ။ တစ်နည်းအားဖြင့် Conversation တွေကို Sync လုပ်ဖို့အတွက် စမတ်ဖုန်းနဲ့ ချိတ်ဆက်ထားရတာပါ။ အခုတော့ စမတ်ဖုန်းနဲ့ ချိတ်ဆက်ထားစရာ မလိုတော့ဘဲ Device များစွာမှာ သုံးနိုင်ပါပြီ။

WhatsApp

ဒါပေမယ့် ကုမ္ပဏီဟာ WhatsApp ကို တစ်ပြိုင်နက် သုံးနိုင်တဲ့ Device အရေအတွက်ကို လက်ရှိမှာ ၄ လုံးအထိပဲ ကန့်သတ်ထားပါတယ်။ “Linked Devices” Tab အသစ် ၁ ခုကို Update မှာ ထည့်သွင်းပေးထားမှာ ဖြစ်ပြီး  Tab အောက်မှာ အဲဒီ Device တွေကို စီမံခန့်ခွဲနိုင်မှာ ဖြစ်ပါတယ်။ ဒါပေမယ့် လက်ရှိ အချိန်မှာတော့ အဲဒီ Device တွေမှာ Chat တွေဟာ ဟန်းဆက်ကနေ ခွဲခြားကာ သီးခြား တည်ရှိနေမှာပါ။

အဲဒီ လုပ်ဆောင်ချက်ဟာ လက်ရှိမှာ တက်ဘလက်တွေမှာ အလုပ်မလုပ်ပါဘူး။ ဒါ့အပြင် iPhone တွေမှာ ချိတ်ဆက်ထားတဲ့ Device တွေကနေ Conversation တွေကို ဖျက်လို့ မရတဲ့ ကန့်သတ်ချက်တွေ ရှိနေပါတယ်။ စမတ်ဖုန်းမှာ WhatsApp ကို မသုံးတာ ၁၄ ရက်ကြာသွားရင် ချိတ်ဆက်ထားတဲ့ Device တွေကို အလိုအလျှောက် ဖယ်ရှားတဲ့ လုပ်ဆောင်ချက်ကို လုံခြုံရေး အရ ကုမ္ပဏီက ထည့်သွင်းထားပါတယ်။

Ref : gizmochina